CNI International News

တိုကျို၊ နိုဝင်ဘာ ၁၉

တရုတ်နိုင်ငံတွင် ရှိနေသည့် ဂျပန်နိုင်ငံသားများ အနေဖြင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား ရန်နှင့် လူထူထပ်သော နေရာများသို့ သွားရောက်ခြင်း မပြုရန် ဂျပန်အစိုးရက သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ မှတ်ချက်စကား များကြောင့် ဂျပန်နှင့်တရုတ်ကြား ဆက်ဆံရေး တင်းမာနေချိန်တွင် ဂျပန်က ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မည်ဆိုပါက ဂျပန်အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပြီး စစ်ရေးဖြင့် တုန့်ပြန် သွားမည်ဟု တာကာအီချီက ယခုလအတွင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်ရဲကိုတွေ့ရစဉ်

ထိုမှတ်ချက် စကားနှင့်ပတ်သက်ပြီး တရုတ်က ဂျပန်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဂျပန်ကလည်း တရုတ်သံ အမတ်ကို ဆင့်ခေါ်ခဲ့ပြီး အပြန်အလှန် ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့ကာ တရုတ်က ၎င်း၏ နိုင်ငံသားများကို ဂျပန်သို့ သွားရောက်ခြင်း မပြုရန် တိုက်တွန်းထားသည်။

ထို့နောက် ဂျပန်ထိပ်သီး အရာရှိတစ်ဦးသည် နိုဝင်ဘာ ၁၈ ရက်တွင် ဘေဂျင်း (Beijing ) ၌ တရုတ်ထိပ်သီး အရာရှိ တစ်ဦးနှင့်တွေ့ဆုံပြီး တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းခဲ့သော်လည်း တစ်စုံတစ်ရာ အောင်မြင်မှု ရရှိခဲ့ပုံ မပေါ် ပေ။

ဘေကျင်းမြို့တော်ရှိ ဂျပန်သံရုံးကမူ တရုတ်တွင် ရှိနေသည့် ဂျပန်နိုင်ငံသားများ အနေဖြင့် တရုတ်၏ ရိုးရာ ဓလေ့ ထုံးတမ်းများကို လေးစားရန်နှင့် တရုတ်လူမျိုးများနှင့် ဆက်ဆံရာတွင် ဂရုစိုက်ရန် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသားတွေကို တွေ့ရစဉ်

ထို့ပြင် တရုတ်နိုင်ငံရှိ ဂျပန်နိုင်ငံသားများ အနေဖြင့် အပြင်ထွက်လျှင် မိမိတို့၏ ဘေးပတ်ဝန်ကျင်ကို သတိထားရန်၊ တစ်ဦးတည်း သွားလာခြင်း မပြုရန်၊ ကလေးများ ပါလာပါက ပိုပြီး သတိထားရန် ဂျပန်သံရုံးက တိုက်တွန်းခဲ့သည်။

"တကယ်လို့ သင်ဟာ သံသယဖြစ်စရာ ကောင်းတဲ့ လူတွေ ဒါမှမဟုတ် လူအုပ်စုကို မြင်တွေ့ခဲ့မယ်ဆိုရင် သူတို့ အနားကို မကပ်ပါနဲ့။ အဲဒီနေရာက ချက်ချင်းထွက်ခွာပါ" ဟု ဂျပန်သံရုံးက သတိပေးထားသည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူ မည်ဟု ကြေညာထားကာ ယခုအခါတွင် ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်နှင့် ဆက်ဆံရေး တင်းမာနေခြင်း ဖြစ်သည်။

Source: ရိုက်တာ