CNI International News
တိုင်ပေ၊ နိုဝင်ဘာ ၆
အမေရိကန်ရွေးကောက်ပွဲတွင် မည်သူပဲ အနိုင်ရသည်ဖြစ်စေ ထိုင်ဝမ်သည် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူး (Wellington Koo) က နိုဝင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ထိုင်ဝမ်အနေဖြင့် အမေရိကန်၏ အကာအကွယ်ကို ရယူမှုအတွက် အခကြေးငွေ ပေးသင့်ကြောင်းနှင့် ထိုင်ဝမ်သည် အမေရိကန်၏ တစ်ပိုင်းလျှပ်ကူး ပစ္စည်းစျေးကွက်ကို ခိုးယူနေကြောင်း စွပ်စွဲခဲ့ဖူးသည်။
"အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူပဲအနိုင်ရရ ကိစ္စမရှိပါဘူး။ ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်သွားဖို့ သန္နိဋ္ဌာန် ချထားတယ်ဆိုတာကို သူတို့သိထားပါတယ်။ ထိုင်ဝမ်ရဲ့ စီးပွားရေး၊ လုံခြုံရေးနဲ မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး ရပ်တည်ချက်ကိုလည်း ကာကွယ်သွားမှာပါ" ဟု ကူးက လွှတ်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် မိမိကိုယ်ကိုယ် ကာကွယ်ရေး စွမ်းဆောင်ရည်များကို အဆက်မပြတ် မြှင့်တင်ရန် အစိုးရက လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆိုသည်။
"ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို ထိန်းသိမ်းမယ့် ကျနော်တို့ရဲ့ ခံယူချက်ကို ကမ္ဘာက သိအောင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ တန်ဖိုးကိုလည်း ကမ္ဘာက သိရှိခဲ့ပြီး ဖြစ်ပါတယ်" ဟု ကူးက ပြောကြားခဲ့သည်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးကို တွေ့ရစဉ်
အမေရိကန်သည် သမ္မတရွေးကောက်ပွဲ ပြုလုပ်ပြီးပါက ထိုင်ဝမ်အပေါ် ထောက်ခံမှု ပြောင်းလဲဖွယ်ရှိသဖြင့် ထိုင်ဝမ်သည် အစွန့်ပစ်ခံ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု တရုတ်က ဝါဒဖြန့်နေကြောင်း ထိုင်ဝမ်၏ လုံခြုံရေး စာတမ်းတွင် ဖော်ပြသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက ထရမ့်သာ သမ္မတဖြစ်လာမည်ဆိုပါက ထိုင်ဝမ်သည် စွန့်ပစ်ခံရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုန့်ပြန်ခဲ့ခြင်း မရှိပေ။
ထိုင်ဝမ်သည် ဂျပန်နှင့် တောင်ကိုရီးယားတို့နည်းတူ အမေရိကန်နှင့် တရားဝင် ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားခြင်း မရှိသော်လည်း အမေရိကန်သည် ထိုင်ဝမ်အတွက် အရေးအကြီးဆုံး နိုင်ငံတကာ ထောက်ခံသူ ဖြစ်ပြီး လက်နက်များ ရောင်းချပေးနေသည့် နိုင်ငံဖြစ်သည်။
ထို့ပြင် ထိုင်ဝမ်တပ်ဖွဲ့ လက်နက်စနစ်များနှင့် စစ်သင်တန်းများ လေ့ကျင့်သင်ကြားပေးရန် ထိုင်ဝမ်ကျွန်းပေါ်တွင် အမေရိကန်တပ်ဖွဲ့ဝင် အနည်းငယ်ရှိကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။
Source: ရိုက်တာ