CNI News

၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာ ၆

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် ယူနန် ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင်နှင့် တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်‌ရေးကိစ္စ ရပ်များကို ဆွေးနွေးရာ ဘယ်လိုအပြောင်းအလဲများဖြစ်ပေါ် ထူးခြားလာနိုင်သလဲဆိုကာ မေးခွန်းထုတ်လာကြ သည်။

၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ၍ နှစ်ဖက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုမှ အချက်အလက်များအား မြေပြင်တွင် အကောင်အထည် ဖော်နိုင်ပါက အပေါင်းလက္ခဏာ ဆောင်နိုင်မည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နယ်နိမိတ်ကပ်နေတဲ့ နိုင်ငံတွေကြားထဲမှာ အထူးသဖြင့် နယ်စပ်ဒေသ ကုန်သွယ်‌ရေးနဲ့ တည်ငြိမ်အေးချမ်း ရေးက သိပ်အရေးကြီးတယ်။ နှစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒါကို ကျော်လွှားရမှာ။ ဆိုလိုတာက တစ်ဖက်တည်းက လုပ်လို့မရဘူး၊ တစ်ဖက်တည်းက သူ့ဘက်ဖြစ်တာပဲ၊ ငါ့ဘက်မှာ ပြဿနာ မရှိဘူးဆိုပြီးနေလို့ တော့မရဘူး။ ဒါကတော့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတွေကြားမှာ အမြဲတမ်း လှုပ်ရှားရတဲ့ ပြဿနာပဲ၊ ဖြစ်လေ့ ဖြစ်ထ ဒါကိုဖြေရှင်းရမယ်။ တွေ့ဆုံဆွေးနွေးမှုအရတော့ ဒီအချက်တွေက တော်တော်ကောင်းတာ ဖြစ်တဲ့အတွက် ကြောင့် မြေပြင်မှာသာ တကယ်တမ်း အကောင်အထည် ဖော်မယ်ဆိုရင် လက်ရှိဖြစ်ပျက်နေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေရော၊ ရပ်တန့်နေတဲ့ ကုန်သွယ်ရေး အပိုင်းတွေရော ပြန်ပြီးတော့ ပိုကောင်းလာအောင်ပေါ့၊ လက်နက် ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းသွားမယ်၊ ရပ်တန့်နေတဲ့ ကုန်သွယ်ရေးတွေလည်း ပြန်ပြီးတော့ စနိုင်မယ်ဆိုရင် တော့ အကုန်လုံးကတော့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ငန်းစဥ်တွေလို့ မျှော်လင့်လို့ရပါတယ်” ဟုပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်လုပ်ငန်းရှင်များတွေ့ဆုံစဉ်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းများ ဖြစ်၍ အစဥ်အမြဲ ယှဥ်တွဲနေထိုင်ရမည် ဖြစ်သောကြောင့် အိမ်နီးချင်းကြားထဲတွင် ရန်သူ သို့မဟုတ် မိတ်ဆွေဟု မြင်၍မရကြောင်း၊ နှစ်ဖက်အကျိုးစီးပွား ဖြစ်စေသော၊ နှစ်ဦးနှစ်ဖက် ကောင်းမွန်သော ရလဒ်များ ဖော်ဆောင်နိုင်သောကြောင့် ယခုတွေ့ဆုံ ဆွေးနွေးမှုသည် အရေးပါ ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နိုင်ငံအကြား ခွဲခြား၍မရသည့် ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ထားမှု၊ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှသာ သွင်းကုန်၊ ပို့ကုန် ကဏ္ဍများအား ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သလို စီးပွားရေးအရလည်း ကူးလူးဆက်သွယ်မှုကို ပိုမို အကောင်အထည် ဖော်နိုင်မည်ဟု ၎င်းက ပြောကြားခဲ့ သည်။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးမူသည် အရေးကြီးသော်လည်း တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ပေါ်လစီတွင် stability (တည်ငြိမ်မှု)သာဖြစ်ပြီး နိုင်ငံရေးအရ အဖြေရှာခြင်း မဟုတ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်−မြန်မာနယ်စပ် အဝင်အထွက်ဂိတ်ကို တွေ့ရစဥ်

၎င်းက “အရေးကြီးပါတယ်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုက တရုတ်ရဲ့ တသက်လုံး တစိုက်မတ်မတ် အော်နေတာပဲ။ တရုတ်‌ပေါ်လစီမှာက Stability လို့ပဲခေါ်တယ်ဗျ၊ Peace လို့ သူမသုံးဘူး။ တည်ငြိမ်အေးချမ်းမှု ဆိုတာက သူက ငြိမ်းချမ်းရေးကို ပြောတာမဟုတ်ဘူး၊ နိုင်ငံရေးအဖြေရှာတာကို ပြောတာမဟုတ်ဘူး၊ ဘယ်နည်း နဲ့ဖြစ်ဖြစ် တည်ငြိမ်မှုရှိရင်ရပြီ။ Stability နောက်မှာမှ သူ့မူဝါဒ တစ်ခုက Economic Development ပေါ့။ Stable ရှိမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မယ်ပေါ့ဗျာ။ အဲဒီနှစ်ခုကို သူကကိုင်ထားတာ၊ အခု Stable မရှိတော့ စီးပွားရေးက လည်း ကျဆင်းလာပေါ့။ ဒါကြောင့် ဒီအဲဟာကို ပြန်သွားမယ်ဆိုရင်တော့ တရုတ် Policy နဲ့ကိုက်ပါတယ်၊ ယူနန် အနေနဲ့လည်း ကိုက်တယ်” ဟု ပြောသည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်များဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော် နှင့် KIA၊ MNDAA၊ TNLA၊ PDF များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်စပ်ဂိတ်များလည်း တရုတ်ဘက်က ပိတ် ထားသည်။

အလားတူ မြန်မာဘက်ကလည်း ထိုင်းနှင့် တရုတ် ကုန်စည်များကို တရားမဝင် ကုန်စည်များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိသည်။