CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို အိန္ဒိယတပ်မတော် အမှတ်(၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့် နစကဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့က နေပြည်တော်မှာ ဖြစ်သည်။

နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ စသည် တို့ကို တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

နစကဘက်က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်လည်း တက်ရောက်ခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက “ အိန္ဒိယက သူ့နယ်စပ်မှာ မတည်ငြိမ်မှုတွေဖြစ်နေတာကို ရပ်စေမှာပဲ၊ ပြီးတော့ ကုလားတန်မြစ်စီမံကိန်းကလည်း ရပ်နေတယ်။ ဒါတွေ ပြန်လုပ်နိုင်ဖို့ဆိုရင် တိုက်ပွဲတွေမရှိမှ ဖြစ်မယ်။ အဲတော့ AA နဲ့ တပ်နဲ့ကြား တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့၊ CNF နဲ့စစ်တပ်ကြား အခြေအနေတွေလည်း ဆွေးနွေးနိုင် တယ်။ ပြီးတော့ နာဂ လက်နက်ကိုင်တွေရဲ့ အခြေအနေတွေလည်း ဆွေးနွေးကြမယ်ထင်ပါတယ်။ ထူးခြားတာ နောက်တစ်ခုက တရုတ်နဲ့ရုရှား ကိုယ်စားလှယ်တွေ မနေ့(ဖေဖော်ဝါရီ ၂၀ ရက်)က ရောက်လာကြပြီးတော့ ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်)မှာ အိန္ဒိယစစ်တပ်က ကိုယ်စားလှယ်ရောက်လာတယ်။ အခု အိန္ဒိယနိုင်ငံမှာ ကျင်းပနေ တဲ့ နိုင်ငံပေါင်း တော်တော်များများ ပါတဲ့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြန်မာရေတပ်လည်း သွားပူးပေါင်း နေတာရှိတယ်။ ဒါတွေကို သေချာ ခြုံငုံကြည့်ရင် အိန္ဒိယကလည်း သူ့အကျိုးစီးပွားအတွက် ခြေလှမ်းပြင်လာ ပုံပေါ်တယ်”ဟု ပြောသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ကုလားတန်မြစ်စီမံကိန်းကို ရင်းနှီးမြှုပ်နှံထားသလို တမူး-မိုးရေ နယ်စပ် ကုန်သွယ်ရေးကနေ တဆင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။

သို့သော် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတစ်လျှောက်နှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ထားသော ဒေသများတွင် မြန်မာ့ တပ်မတော်သည် ရက္ခိုင့်တပ်တော်(AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF)များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ထို့ကြောင့် ကုလားတန်မြစ် စီမံကိန်းများ ရပ်တန့်နေသလို နယ်စပ်ကုန်သွယ်ရေးများလည်း ရပ်တန့်လျက်ရှိနေသည်။