CNI News ၂၀၂၃ ခုနှစ်၊ မတ်လ ၇

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar နှင့် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်က နေပြည်တော်မှာ တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ တိုးမြှင့်ရေးနှင့် ကုလားတန်မြစ်ကြောင်း စီမံကိန်း အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နယ်နိမိတ် ထိစပ်မှုသည် မိုင်ပေါင်း ၁၀၀၀ ကျော်ရှိပြီး အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ ကုလားတန်မြစ် စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။ အလားတူ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ခြင်း အပါအဝင် စီးပွားရေးအရ နှစ်နိုင်ငံ ကုန်သွယ်မှုများလည်း ပြုလုပ်လျက်ရှိသည်။

၂၀၂၃ ခုနှစ်၊မတ်လ ၇ ရက်နေ့က အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar နှင့် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တွေ့ဆုံစဉ်

အဆိုပါ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် အိန္ဒိယအစိုးရကို တော်လှန်နေသည့် နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ(NSCN-YA)၊ ကသည်းနှင့် အာသံ လက်နက်ကိုင်များ လှုပ်ရှားလျက်ရှိနေသလို မြန်မာ့တပ်မတော် အား ဖြုတ်ချရေး ကြိုးပမ်းနေသည့် တမူး (PDF)၊ ကလေး(PDF)များ လှုပ်ရှားလျက်ရှိသည်။

ထို့ပြင် ဇိုမီအမျိုးသားတော်လှန်ရေးတပ်မတော်(ZRO/ZRA)နှင့် ကူကီးအမျိုးသားအစည်းအရုံး(KNO) တို့လည်း လှုပ်ရှားလျက်ရှိသည်။