CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံကြီးများအကြားတွင်ရှိပြီး ၎င်းတို့အလိုကျ လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြသည်ဟု နစကဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြော သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Hegemony ဗိုလ်ကျစိုးမိုးခြင်း ကိစ္စရပ်များ၊ Multilateralism နှင့် Unilateralism အင်အားပြိုင်မှုကိစ္စရပ်များ၊ ငါနှင့်မတူ ငါ့ရန်သူဆို၍ ဖိအားပေးသော ကိစ္စရပ်များ၊ ငါနှင့်တူသော်လည်း ငါ့အလိုကျ ကြိုးဆွဲကနိုင်ရန်အတွက် Proxy ခေါ် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများကို ယနေ့ကမ္ဘာအရပ်ရပ်နိုင်ငံရေးဇာတ်ခုံတွင် တွေ့ရှိရ ကြောင်း နစကဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး အစည်းအဝေးလုပ်နေစဉ်

၎င်းက “မိမိနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံကြီးများအကြားတွင်ရှိပြီး တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့်အတွက် သွေးခွဲပြီး ၎င်းတို့အလိုကျ လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ခွင့်မဆုံးရှုံး အောင် စုစည်းစွမ်းအား၊ ပေါင်းစည်းစွမ်းအားဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ သတိပြုနိုင်ရေး အတွက် အနှစ်သာရရှိသည့် ဦးတည်ချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးချယ်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဦးတည်ချက်ထဲတွင် စုစည်းမှုများ၊ စည်းလုံးမှုများကို တွေ့မြင်ရမည်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများဖြင့် အိမ်နီးချင်းဖြစ်ပြီး တရုတ်နှင့် အိန္ဒိယ နိုင်ငံကြီး ၂ ခုကြားက စီးပွားရေးအရ အချက်အချာ ချသော နေရာတွင် တည်ရှိနေသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေးမှာ တည်ငြိမ်မှုမရှိဘဲ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေခြင်းကြောင့် အမေရိကန်၊ အနောက်အုပ်စုနိုင်ငံများနှင့် ဥရောပနိုင်ငံများက ထောက်ခံအားပေးနေသော လက်နက်ကိုင်အဖွဲ့များရှိနေသလို တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးရှိသည့် လက်နက်ကိုင်အဖွဲ့များလည်း ရှိနေသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး တိုက်ခိုက်နေကြပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ လက်နက်ကိုင်တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA)ကို တွေ့ရစဉ်

ထို့ကြောင့် နစက-က မြန်မာနိုင်ငံပြိုကွဲမည့် အခြေအနေကို မဖြစ်ပေါ်လာစေရန်အတွက် လက်နက်ကိုင်အဖွဲ့များ၊ အကြမ်းဖက်ကြေညာခံထားရသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ PDF အဖွဲ့များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေး ရန် ဖိတ်ခေါ်ကမ်းလှမ်းထားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “အချို့နိုင်ငံများသည် အချုပ်အခြာအာဏာပိုင်ဆိုင်ကြသော်လည်း လွတ်လပ်မှု မရှိကြကြောင်း၊ ထိုသို့သော နိုင်ငံများ ကို ကမ္ဘာပေါ်တွင် တွေ့မြင်နေရကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့် အရေးများကို ဆုံးရှုံးမသွားစေရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသည် ဖြစ်သည့်အတွက် လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရန် အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသော်လည်း ပျက်ဆီးဆုံးရှုံးရန်မှာ တစ်ရက်တစ်မနက်နှင့်ပင် ဆုံးရှုံး သွားနိုင်သည့် အခြေအနေများကို ကမ္ဘာ့နိုင်ငံများတွင် တွေ့မြင်ရသည်”ဟု ပြောသည်။

ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်၌ ပိုမိုတွေ့ရှိရသည်မှာ Balance of Power ဟုခေါ်သည့် အင်အား ချိန်ခွင်လျှာ ပျက်ယွင်းခြင်းများကို တွေ့မြင်နေရကြောင်း၊ နိုင်ငံပေါင်းစုံ စုပေါင်း၍ အစည်းအဝေးလုပ်သည့် နေရာ များတွင်ပင် သူတစ်လူငါတစ်မင်းဖြင့် Globalization ခေါ် ကမ္ဘာ့ရွာကြီးဖွံ့ဖြိုးတိုးတက်ရန် တိုင်ပင်ဆွေးနွေးရမည့် အစား ကမ္ဘာ့ရွာကြီးပျက်ပြားအောင် မိမိလိုရာသို့ဆွဲ၍ ရန်စကားပြောဆိုခြင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နေရကြောင်း ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။