CNI International News

တိုင်ပေ၊ အောက်တိုဘာ ၂၃

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစား လေကြောင်းနှင့် ရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်အပြီး သီတင်းတစ်ပတ်အကြာတွင် ထိုင်ဝမ်ကို မျက်နှာမူထားသည့် ဖူကျန်း (Fujian) ပြည်နယ်တောင်ဘက် ကမ်းလွန် ရေပြင်များတွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုကို ဖူကျန်းပြည်နယ်၊ ပင်တန် ကျွန်းစု (Pingtan islands) အနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး အာဏာပိုင်အဖွဲ့ (CMSA) က ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့် နေရာနှင့်အနီးတစ်ဝိုက်တွင် လှုပ်ရှားမောင်းနှင်ခြင်းမပြုရန် သင်္ဘောများကို သတိပေးခဲ့ကြောင်း (CMSA) က ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်၏ စစ်ရေးလေ့ကျင့်မှုများသည် နှစ်စဉ်ပြုလုပ်နေကျ စစ်ရေး လေ့ကျင့်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုစစ်ရေးလေ့ကျင့်မှုများကို ခြေရာခံ စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ကျွန်းကို တွေ့ရစဉ်

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ်အပေါ် နိုင်ငံရေးနှင့် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့၍ တင်းမာမှုများ မြင့်တက်ခဲ့သည်။

ထို့ပြင် ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် တရုတ်က စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ် ပြီး မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်သည် ထိုင်ဝမ်၏ အဓိကဆိပ်ကမ်းများနှင့် အဓိက ရေပြင်နယ်နိမိတ် များကို ပိတ်ဆို့သည့်ပုံစံမျိုးဖြင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုအတွင်း တရုတ်စစ်လေယာဉ် ၁၅၃ စင်း၊ ရေတပ်သင်္ဘော ၁၄ စင်းနှင့် တရုတ်အစိုးရပိုင် သင်္ဘော ၁၂ စင်းတို့ ပါဝင်ကြောင်း ထိုင်ဝမ်က ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ဝန်ကြီးချုပ် ချိုဂျန်တိုင် (Cho Jung-tai) ကမူ တရုတ်အနေဖြင့် ထိုင်ဝမ်ကို ရည်ရွယ်သည့် စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နေခြင်းကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

Source: အေပီ