CNI International News

ကိယက်ဗ်၊ အောက်တိုဘာ ၂၃

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ဒုက္ခသည်များ နိုင်ငံအတွင်းမှ ထွက်ခွာမှု၊ ကလေး မွေးဖွားမှုနှုန်း လျော့ကျမှုနှင့် စစ်ပွဲကြောင့် သေဆုံးမှုများကြောင့် ယူကရိန်း၏ လူဦးရေသည် ၁၀ သန်းခန့် လျော့ကျ သွားခဲ့ကြောင်း ကုလမသဂ္ဂက အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်သည့် ရုရှား၏ ကျူးကျော်စစ်သည် ယခင်ကတည်းက ခက်ခဲနေသော လူဦးရေ ဆိုင်ရာ ပြဿနာကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ အရှေ့ဥရောပဆိုင်ရာ အကြီးအကဲ ဖလောရန့် ဘောင်ဝါ (Florence Bauer) က ဂျီနီဗာ(Geneva)တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ယူကရိန်းအမျိုးသမီး တစ်ဦးလျှင် ကလေးတစ်ဦးစီသာ မွေးဖွားနေပြီး ထိုမွေးဖွားနှုန်းသည် ကမ္ဘာ့ အနည်းဆုံး ကလေးမွေးဖွားမှုနှုန်းမှာ ပါဝင်နေသည်ဟု ၎င်းက ပြောသည်။

တည်ငြိမ်သည့် လူဦးရေကို ထိန်းသိမ်းရန် အမျိုးသမီးတစ်ဦးစီအနေဖြင့် ကလေးမွေးဖွားနှုန်း ၂ ဒသမ ၁ ယောက် နှုန်း ရှိရမည်ဟုလည်း ဘောင်ဝါက ပြောသည်။

ဆိုဗီယက်ယူနီယံ ပြိုကွဲသည့် ၁၉၉၁ ခုနှစ်တွင် ယူကရိန်း၏ လူဦးရေသည် သန်း ၅၀ ကျော်ရှိခဲ့ပြီး လက်ရှိအချိန် မှာတော့ ယူကရိန်းသည် အရှေ့ဥရောပနှင့် ဗဟိုအာရှ အိမ်နီးချင်း နိုင်ငံများအားလုံးနီးပါးကဲ့သို့ လူဦးရေ လျော့ကျ မှုနှင့် ရင်ဆိုင်နေရသည်။

ဖလောရန့် ဘောင်ဝါကို တွေ့ရစဉ်

ရုရှား၏ ကျူးကျော်စစ် မတိုင်မီ  ၁ နှစ် အလိုဖြစ်သည့် ၂၀၂၁ ခုနှစ်တွင်မူ ယူကရိန်း၏ လူဦးရေသည် သန်း ၄၀ ခန့် ရှိခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲသည် ယူကရိန်း၏ လူဦးရေအပေါ် သက်ရောက်မှု ရှိနေသည့်အတွက် စစ်ပွဲပြီးဆုံး သွားပြီးနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ ယူကရိန်း၏ လူဦးရေ အတိအကျကို သိရှိနိုင်လိမ့်မည်ဟု ဘောင်ဝါက ပြောသည်။

ယူကရိန်း၏ ဒေသအနှံ့အပြားတွင် စစ်ပွဲ၏ သက်ရောက်ကို ခံနေရပြီး ကျေးရွာများ၌ သက်ကြီးရွယ်အိုများသာ ကျန်ရှိခဲ့ကာ၊ ဇနီးမောင်နှံများသည်လည်း ကလေးယူနိုင်သည့် အခြေအနေမျိုး မရှိသေးကြောင်း ၎င်းက ပြော သည်။

စစ်ပွဲမဖြစ်ပွားမီက လူဦးရေ သန်း ၁၄၀ ကျော်ရှိခဲ့သည့် ရုရှားသည်လည်း ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း လူဦးရေ လျော့ကျမှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ ယခုနှစ် ပထမ ၆ လအတွင်း ကလေးမွေးဖွားနှုန်းသည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ကလေးမွေးဖွားနှုန်းထက် အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။

Source: ရိုက်တာ