CNI International News

ကိယက်ဗ်၊ မတ်လ ၂၉

ရုရှားနိုင်ငံမှ ပုဂ္ဂလိကပိုင် စစ်ရေးနှင့်လုံခြုံရေး ကန်ထရိုက်ကုမ္ပဏီဖြစ်သော ဝပ်ဂနာအုပ်စု (Wagner Group) ကို ယူကရိန်း အရှေ့ပိုင်းသို့ တပ်ဖြန့်ချထားကြောင်း ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီက မတ်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းအရ သိရသည်။

“တိုက်ခိုက်ရေး၊ စစ်ဆင်ရေးတွေလုပ်ဖို့ အဲဒီအဖွဲ့ရဲ့ အကြီးတန်း ခေါင်းဆောင်တွေ အပါအဝင် ကြေးစားစစ်သား ၁,၀၀၀ ကျော်ကို စေလွှတ်မယ်လို့ ယူဆရပါတယ်” ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဒွန်ဘတ်စ်ဟုခေါ်သည့် ယူကရိန်း အဓိကတိုက်ပွဲ ဖြစ်ပွားရာနေရာတွင် ဝပ်ဂနာအုပ်စု ဖြန့်ချထားခြင်းဖြင့် တခြား ကမ္ဘာ့နေရာ တဝန်း၌ ရုရှား၏ စစ်အင်အားကို လျှော့ချသွားနိုင်ဖွယ် ရှိနေသည်ဟု ဗြိတိန်ကာကွယ်ရေးဌာနက အကဲဖြတ်ခဲ့ကြောင်း မတ်လ ၂၈ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

Wagner နဲ့ ရုရှားငွေကြေး (GETTY IMAGES)

ရုရှား၏ ကျူးကျော်ဝင်ရောက်မှုသည် ဆုံးရှုံးမှုကြီးမားစွာဖြင့် ရပ်တန့်သွားခဲ့ပြီးနောက် အာဖရိကနှင့်ဆီးရီးယားတို့မှ ကြေးစား စစ်သားများကို စစ်ဆင်ရေး စရိတ်ထုတ်ပေး၍ ယူကရိန်းအတွက် ဝပ်ဂနာအုပ်စုဖြင့် ဝန်ထမ်းသဖွယ် ပြန်လည် စေခိုင်းမည့် အနေအထား ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းတွင် ယင်းကဲ့သို့ တိုက်ခိုက်ရန်အတွက် ဝပ်ဂနာကဲ့သို့ နိုင်ငံခြား တိုက်ခိုက်ရေး သမားများနှင့် အဖွဲ့အစည်းများကို ယခင်ကလည်း တောင်းဆိုခဲ့ဖူးသည်။

ပူတင်နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ၊ အနီးစပ်ဆုံး ဗဟိုအာဏာပိုင်ဌာနများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ ရန် ကြိုးပမ်းမှုတွင် ဝပ်ဂနာအုပ်စုလည်း ပါဝင်ခဲ့ကြောင်း ဗြိတိန်အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။

ပူတင်ကို တွေ့ရစဉ်(GETTY IMAGES)

“ရုရှားရဲ့ စစ်ရေးစွမ်းဆောင်ရည်မှာ ပြည်ပနိုင်ငံတွေအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက် မှုရှိစေတဲ့အတွက် ရုရှားလိုလားတဲ့ နိုင်ငံတွေအတွက် မျှော်လင့်ချက်နည်းပါတယ်” ဟု ပုဂ္ဂလိက သူလျှိုကုမ္ပဏီတစ်ခုဖြစ်သည့် The Soufan Center က ယခုသီတင်းပတ်တွင် သုံးသပ်ရေးသားချက် ထုတ်ပြန်ခဲ့သည်။

ယူကရိန်းကာကွယ်ရေး၏ အစွမ်းကို ပြီးခဲ့သည့် တစ်လကျော်က စတင်ခဲ့သည့် ရုရှားသမ္မတပူတင်၏ တိုက်ပွဲ အစီအစဉ်များကို တုန်လှုပ်သွားခဲ့စေခဲ့ကြောင်း အနောက်အုပ်စုနိုင်ငံများမှ အစိုးရအရာရှိများက မတ်လ ၂၈ ရက်တွင် အကဲဖြတ်ခဲ့ကြသည်။

Source: Reuters, usnews.com