CNI International News

ကိယက်ဗ်၊ ဇွန်လ ၃

ရုရှားနိုင်ငံသည် ဇွန်လ ၂ ရက် အစောပိုင်းတွင် ယူကရိန်း၏ ကိယက်ဗ် (Kyiv) မြို့တော်ကို ဒရုန်းများ၊ ဒုံးကျည်များ ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သဖြင့် လူ ၁၇ ဦးသေဆုံးကာ နေအိမ် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။

ညသန်းခေါင်းကျော် အချိန်တွင် ပြုလုပ်ခဲ့သော ထိုတိုက်ခိုက်မှုအတွင်း အဆင့်မြင့် ဟိုက်ပါဆိုးနစ် (hypersonic) ဒုံးကျည်များ အပါအဝင် ဒုံးကျည်များ၊ ဒရုန်းများ စုစုပေါင်း အစင်း ၆၀၀ ကျော် ပါဝင်ခဲ့ကြောင်း ယူကရိန်းစစ်တပ် က ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ကိယက်ဗ်မြို့တော်တွင် လူ ၆ ဦး၊ နီပရို (Dnipro) မြို့တွင် ကလေးငယ် ၂ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

ဒရုန်းနဲ့ဒုံးကျည် အန္တရာယ် ရှောင်နေကြသူများကို တွေ့ရစဉ်

ထို့ပြင် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၅ ခု ပျက်စီးခဲ့ကြောင်း ယူကရိန်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၂ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား၏ ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက် ခံရချိန်အတွင်း ကိယက်ဗ်မြို့တော်၏ လေကြောင်းရန် ကာကွယ်ရေး စနစ်များမှာ ပုံမှန်ထက် တုံ့ပြန်မှု အားနည်းနေပုံရပြီး ပေါက်ကွဲသံများကို ဆက်တိုက် ကြားနေရသော်လည်း လေကြောင်းရန် ကာကွယ်ရေးစနစ်များ၏ တုံ့ပြန်ပစ်ခတ်သည့် အသံများကိုမူ မကြားရကြောင်း ကိယက်ဗ်မြို့ အတွင်းရှိ CNN သတင်းထောက်များက ပြောကြားခဲ့သည်။

ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကို (Vitali Klitschko) က ညသန်းခေါင်ကျော်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို  အကြီးစား တိုက်ခိုက်မှုဟု သုံးနှုန်းပြောဆိုခဲ့သည်။

ထို့အပြင် ရုရှား၏ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်မှုကြောင့် ပိုဒ်ဒီစကီး (Podilsky) ခရိုင်ရှိ အဆင့်မြင့် တိုက်ခန်းတွဲ အဆောက်အအုံတစ်ခုမှာ ပြိုကျပျက်စီးသွားခဲ့ကာ ထိုအပျက်အစီးများအောက်တွင် လူများပိတ်မိ နေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ညတွင်းချင်းမှာ ရန်သူဟာ ကိယက်ဗ်ဒေသကို ဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ သုံးပြီး အကြီး အကျယ် တိုက်ခိုက်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ အေးချမ်းတဲ့ မြို့ရွာတွေဟာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခံခဲ့ ရပါ တယ်” ဟု ကိယဗ်မြို့တော် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး မိုင်ကိုလာ ကာလတ်ရှ်နစ် (Mykola Kalashnyk) က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော် တိုက်ခိုက်ခံရစဉ်

နီပရိုမြို့တွင် သေဆုံးခဲ့သူများအနက် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်သူ ဗိုလ်မှူး အန်တွန် ယာမိုလန်ကို (Anton Yarmolenko) လည်း ပါဝင်ပြီး၊ သူသည် တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ကယ် ဆယ်ရေး ဖုန်းခေါ်ဆိုမှုတစ်ခုကို သွားရောက်ကူညီရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေး ဝန်ကြီး အီဟော ကလီမန်ကို (Ihor Klymenko) က ပြောကြားခဲ့သည်။

ယူကရိန်း လေတပ်၏ ထုတ်ပြန်ချက်များအရ ရုရှားသည် ညတွင်းချင်းအတွင်း ယူကရိန်းနိုင်ငံသို့ ဒရုန်း ၆၅၆ စင်း နှင့် ဒုံးကျည် ၇၃ စင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဒရုန်း အများစုနှင့် ဒုံးကျည် စုစုပေါင်း၏ ထက်ဝက်ကျော်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရုရှားသည် ၎င်း၏ အဆင့်မြင့် ဟိုက်ပါဆိုးနစ် အမျိုးအစား Zircon ဒုံးကျည် ၈ စင်းကိုလည်း ယူကရိန်းဘက်သို့ ပစ်ခတ်ခဲ့ပြီး ထိုဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ခြင်း မရှိခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

အသံထက် ၉ ဆခန့် ပိုမိုမြန်ဆန်သည့် Zircon ဒုံးကျည်များကို ကြားဖြတ်ပစ်ချရန်မှာ မဖြစ်နိုင်သလောက် နီးပါးဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: CNN