CNI International News

ကိယက်ဗ်၊ ဧပြီ ၂၉

ရုရှားစစ်တပ်သည် သောကြာနေ့ အစောပိုင်းတွင် ယူကရိန်းသို့ ခရုစ်ဒုံးကျည် အလုံး ၂၀ ကျော်၊ ဒရုန်း နှစ်စင်းတို့ ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ရသည်ဟု အေပီက ဖော်ပြခဲ့သည်။

သေဆုံးသူ အများစုမှာ ဒုံးကျည်နှစ်လုံး လူနေ အဆောက်အဦ တစ်ခုကို ထိမှန်ခြင်းကြောင့်ဖြစ်ပြီး သေဆုံးသူများ တွင် ကလေးငယ် သုံးဦး ပါဝင်သည်ဟု ယူကရိန်းအရာရှိများက ပြောသည်။

သောကြာနေ့ တိုက်ခိုက်မှုသည် နှစ်လနီးပါတာ ကာလအတွင်း မြို့တော်ကိယက်ဗ် (Kyiv) သို့ ပစ်မှတ်ထားသည့် ပထမဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း၊ ပစ်မှတ်ကို ထိမှန်ခြင်း ရှိ/မရှိကိုတော့ မသိရသေးပေ။

ယူကရိန်းလေတပ်သည် ကိယက်ဗ်မြို့ ကောင်းကင်မှ ခရုစ်ဒုံးကျည် ၁၁ လုံးနှင့် ဒရုန်းနှစ်စင်းတို့ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ရုရှား ပစ်ခတ်လိုက်တဲ့ အဆောက်အဦကို တွေ့ရစဉ်

ယူကရိန်းအလယ်ပိုင်းရှိ လူနေ ၉ ထပ်တိုက်သည်လည်း ဒုံးကျည်ထိမှန်ခဲ့ကာ လူ ၂၁ ဦးခန့် သေဆုံးသွားခဲ့သည်ဟု ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့က ပြောသည်။

ယင်းတွင် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် လမ်းလျှောက်ကာစ ကလေးတစ်ဦးတို့ ပါဝင်သည်ဟုလည်း သိရသည်။

တခြားသေဆုံးသူ တစ်ဦးမှာ အနီးအနားရှိ အဆောက်အဦတွင် နေထိုင်သည့် အသက် ၇၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ပေါက်ကွဲသံကြောင့် အတွင်းပိုင်း သွေးယိုစိမ့်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဟု အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများက ပြောသည်။

လူ ၁၇ ဦး ဒဏ်ရာရကာ ကလေးငယ်သုံးဦးကို အပျက်အစီးများကြားမှ ကယ်တင်ခဲ့ရကြောင်း၊ ကိုးဦးကို ဆေးရုံတင် ထားရကြောင်းလည်း ယူကရိန်းရဲတပ်ဖွဲ့က ပြောသည်။

ဒုံးကျည်များကို မည်သည့်နေရာမှ ပစ်ခတ်သလဲ မသိရသေးသော်လည်း ရုရှားစစ်တပ်သည် ၁၄ လကြာ စစ်ပွဲ ကာလအတွင်း တာဝေးပစ် ဒုံးကျည်များကို မကြာခဏ ဆိုသလို အသုံးပြု တိုက်ခိုက်ခဲ့ကာ အရပ်သား ဧရိယာ များကိုလည်း ထိမှန်ခဲ့သည်။

ရုရှား ပစ်ခတ်လိုက်တဲ့ အဆောက်အဦကို တွေ့ရစဉ်

ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ရန်အတွက် ယခုကဲ့သို့ တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ယူကရိန်းအရာရှိများနှင့် လေ့လာသူများက သုံးသပ်သည်။

တာဝေးပစ် ဒုံးကျည်များကို စစ်မြေပြင်သို့ ပို့ဆောင်မည့် ယူကရိန်း အရံတပ်ဖွဲ့ဝင်များရှိရာ အဆောက်အဦ များကို ဦးတည်ပစ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောသည်။

ပစ်ခတ်မှုများသည် ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သို့သော် ပစ်မှတ်သည် မည်သည့် နေရာတွင် ရှိသည်နှင့် မည်သည့် အဆောက်အဦ ဖြစ်သည်ကိုတော့ ဖော်ပြထား ခြင်း မရှိပေ။

ယခုတိုက်ခိုက်မှုသည် တရုတ်သမ္မတနှင့် အချိန်ကြာမြင့်စွာ ဖုန်းဖြင့် ပြောဆို ဆွေးနွေးခဲ့သည်ဟု ယူကရိန်းသမ္မတ က ထုတ်ပြန်ပြီး ရက်အနည်းငယ် အကြာတွင် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

Source: AP