CNI International News

မော်စကို၊ မတ်လ ၁၃

ပြီးခဲ့သည့်ရက်အတွင်း ယူကရိန်း၏ Mi-8 ရဟတ်ယာဉ်နှစ်စင်း၊ HIMARS နှင့် Uragan ဒုံးကျည် ခုနှစ်လုံးနှင့် ဒရုန်းတစ်စင်းတို့ကို ရုရှားလေကြောင်းကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီဂေါ် ကိုနာရှန်ကော့ဗ် (Igor Konashenkov) က တနင်္ဂနွေနေ့တွင် ပြောကြောင်း တာ့စ် သတင်းတွင် ဖော်ပြသည်။

ယူကရိန်းတပ်ဖွဲ့၏ Mi-8 ရဟတ်ယာဉ်နှစ်စင်းကို ဇာပိုရိုးရှီး(Zaporozhye) ဒေသရှိ တန်မရော့ဗ်ကာ (Temirovka) အနီးနှင့် ခါကော့ဗ် (Kharkov) ဒေသ ဒီဗရတ်ချနာယာ (Dvurechnaya) တို့မှ လေကြောင်းကာကွယ်ရေးစနစ်များ က ပစ်ချနိုင်ခဲ့သည်ဟု ကိုနာရှန်ကော့ဗ်က ပြောသည်။

ထို့အပြင် အဆိုပါနေ့၌ပင် HIMARS နှင့် Uragan ဒုံးကျည် ခုနှစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး တဆက်တည်းမှာပင် ခါဆွန် (Kherson) ဒေသ ရှဗနီ မာယက်ခ် (Chervony Mayak) အနီး၌ ယူကရိန်းတို့၏ လူမဲ့လေယာဉ် တစ်စင်းကို ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ တန်ပြန်တိုက်ပွဲတစ်ခုအတွင်း ခါဆွန်လမ်းကြောင်း ပေါ်ရှိ မောင်းသူမဲ့ ဂါဗါ့စဒီကာ (Gvozdika) ဟောင်ဝစ်ဇာတစ်စင်းကိုပါ ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း သိရသည်။

 ဆီးရီးယားရှိ ရုရှား၏ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ(ဓါတ်ပုံ-အေပီ)

ရုရှားကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ အထူးစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ယူကရိန်းတို့၏ စစ်လေယာဉ် အစင်း ၄၀၀၊ ရဟတ်ယာဉ် အစင်း ၂၂၀၊ ဒရုန်း ၃၃၈၅ စင်း၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၄၀၁၁ ခု၊ တင့်ကား နှင့်သံချပ်ကာကား ၈၂၇၅ စင်း၊ ဒုံးကျည်စနစ် ၁၀၅၅ ခု၊ အမြှောက်နှင့်မော်တာ ၄၃၂၆ ခုနှင့် စစ်ဘက်သုံး အထူး ယာဉ် ၈၈၇၉ စင်းတို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

တောင်ပိုင်း ဒွန်းနက်ခ် (South Donetsk) နှင့် ဇာပိုရိုးရှီး လမ်းကြောင်းများတွင် ဗော့စ်တော့ခ် (Vostok) တပ်ဖွဲ့ဝင် များက ဒွန်းနက်ခ်ပြည်သူ့သမ္မတနိုင်ငံရှိ ယူကရိန်းတပ်ဖွဲ့ဝင်များ အမြောက်အများဖြင့် ပစ်ခတ်ခဲ့သည်ဟု ကိုနာရှန်ကော့ဗ်က ပြောသည်။

ထိုနေ့အတွင်း ယင်းလမ်းကြောင်းများရှိ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ သံချပ်ကာ ကားတစ်စင်း၊ pickup ကားလေးစင်း၊ D-30 ဟောင်ဝစ်ဇာတစ်စင်းတို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

Source:တာ့စ်