CNI International News

ကိယက်ဗ်၊ မေလ ၂

တနင်္လာနေ့တွင် ရုရှားဘက်က ယူကရိန်းသို့ ရက်ပိုင်းအတွင်း ဒုတိယမြောက် အင်အားပြင်း ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် မြို့တော် ကိယက်ဗ် (Kyiv) သို့ ထိမှန်ခြင်း မရှိသော်လည်း အရှေ့ဘက် ပက်ဗ်လို ရတ်ဒ် (Pavlohrad) မြို့တွင် အဆောက်အဦးများ ပျက်စီး၍ လူနှစ်ဦး သေဆုံးကာ ၄၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု အရာရှိများကပြောကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ဒုံးကျည်များကို ယူရိန်းလေကြောင်း ကာကွယ်ရေးများက ကြားဖြတ်ပစ်ချမှုကြောင့် ပေါက်ကွဲမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် မြို့တော်ကိယက်ဗ်တွင် မနက် ၃ နာရီ ၄၅ မိနစ်၌ လေကြောင်း အချက်ပေးသံများဖြင့် ဆူညံခဲ့သည်။

မားမန့်ခ် (Murmansk)နှင့် ကစ္စပီယံ (Caspian) ဒေသတို့မှ ခရုစ်ဒုံးကျည် ၁၈ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်ခဲ့မှုအတွင်း ဒုံးကျည် ၁၅ လုံးကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းစစ်ဦးစီးချုပ်က ပြောသည်။

အဆိုပါ ပစ်ခတ်မှု မတိုင်ခင် သောကြာနေ့တွင်လည်း ရုရှားတို့က ဒုံးကျည်အလုံး ၂၀၊ ဖောက်ခွဲရေးဒရုန်း နှစ်စင်းတို့ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူ ၂၁ ဦး သေဆုံးခဲ့ရသည်။

ယူကရိန်းစစ်သား ရှေ့တန်းတစ်နေရာမှာ ပခုံးထမ်း လောင်ချာဖြင့် ပစ်ခတ်နေစဉ်

တနင်္လာနေ့က တိုက်ခိုက်မှုသည် အရှေ့ဘက် ဒီနီပရိုပီးထရော့ခ် (Dnipropetrovsk) ဒေသရှိ ပတ်ဗ်လိုရတ်ဒ်သို့ ထိမှန်ခဲ့ကာ လူနှစ်ဦးသေပြီး ၄၀ နီးပါး ဒဏ်ရာရခဲ့သည်ဟု ယူကရိန်းသမ္မတက ထုတ်ပြန်သည်။

မြို့သို့ ဒုံးကျည် ၇ လုံး ပစ်ခဲ့ကာ တစ်ချို့ကို ကြားဖြတ်နိုင်ခဲ့သော်လည်း စက်မှုဇုန်အတွင်း ထိမှန်ခဲ့မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောသည်။

တိုက် ၂၄ လုံး၊ အိမ် ၈၉ လုံး၊ ကျောင်း ၆ ကျောင်း၊ ဆိုင် ၅ ဆိုင်တို့ ပျက်စီးခဲ့ရသည်ဟုလည်း ဒေသတွင်း အရာရှိများ ကပြောသည်။

ဒုံးကျည်များသည် ဒီနီပရိုပီးထရော့ခ်ရှိ တခြားနေရာ သုံးခုသို့လည်း ထိမှန်ခဲ့ကာ လူနေအဆောက်အဦများနှင့် ကျောင်းတစ်ခုတို့ ပျက်စီးခဲ့ရသည်ဟု ဒေသတွင်း အရာရှိတစ်ဦးက ပြောသည်။

ရုရှားစစ်တပ်သည် တနင်္လာနေ့တွင် ယူကရိန်း၏ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရာ နေရာသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ဒုံးကျည်များသည် ပစ်မှတ်ကို ထိမှန်ခဲ့သည်ဟုလည်း ၎င်း၏ ပြောဆိုမှုတွင် ပါဝင်သည်။

ယူကရိန်းပြည်သူများ အဆောက်အဦ ပျက်စီးနေတာကို ကြည့်နေစဉ်

သိမ်းပိုက်ထားသော ဇာပိုရေဇေယာဒေသမှ ရုရှား အရာရှိတစ်ဦး ဖြစ်သူကလည်း ဒုံးကျည်များသည် ပတ်ဗ်လိုရတ်ဒ်ရှိ ခဲယမ်းနှင့် လောင်စာ ဂိုဒေါင်ကို ထိမှန်ခဲ့ကြောင်း ပြောသည်။

တနင်္လာနေ့ တိုက်ခိုက်မှုသည် ယူကရိန်း၏ စွမ်းအင်ပေးဝေရေ အခြေခံ အဆောက်အဦများကို ပျက်စီးစေခဲ့ကာ ယင်းတို့ကို ပြင်ဆင်ရန် ရက်အတန်ကြာ အချိန်ယူရမည်ဟု ယူကရိန်းစွမ်းအင်ဝန်ကြီးက ပြောသည်။

ခါဆွန် (Kherson) မြို့နှင့် ဒီနီပရိုပီးထရော့ခ် ဒေသတွင်းရှိ တခြားမြို့များမှ ဒေသခံ ၂၀၀၀၀ ခန့်သည် စွမ်းအင်ပျက်တောက်လျက် ရှိသည်ဟုလည်း ၎င်းက ပြောသည်။

၁၄ လကြာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားတို့သည် တာဝေးပစ် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို မကြာခဏ လုပ်ဆောင်ခဲ့ကာ တစ်ခါတစ်ရံတွင် လူနေဧရိယာများသို့ပါ ထိမှန်မှု ရှိခဲ့သည်။

Source: AP