CNI International News
လဗစ်၊ ဇူလိုင် ၇
ဇူလိုင် ၆ ရက်နေ့က ရှေ့တန်းစစ်မြေပြင်နှင့် အလှမ်းကွာသည့် ယူကရိန်းအနောက်ပိုင်းက လဗစ်မြို့ကို ရုရှားက ခရုဇ်ဒုံးကျည်များနှင့် ပစ်ခတ်လိုက်၍ တိုက်ခန်း အဆောက်အအုံတစ်ခုက လူ ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ပြီးခဲ့တဲ့နှစ် ကရင်မလင်တပ်များ ယူကရိန်းနိုင်ငံကို ကျူးကျော်လာပြီးကတည်းက လူနေရပ်ကွက်ကို အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သည်ဟု ယူကရိန်းအာဏာပိုင်များက ပြောသည်။
ညအချိန် တိုက်ခိုက်မှုကြောင့် ခေါင်မိုးနှင့် အပေါ်ဆုံး ၂ လွှာ ပျက်စီးသွားခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများက ရှာဖွေရေးခွေးများနှင့် အပျက်အစီးပုံကို ထိုးဆွရှာဖွေနေကြသည်။
လူ ၃၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ယူကရိန်းအာဏာပိုင်များက ပြောသည်။ ထို့နောက် သေဆုံးသူ ၅ ဦးရှိကြောင်း၊ ထို သေဆုံးသူ ၅ ဦးထဲမှာ အသက်အငယ်ဆုံးမှာ ၂၁ နှစ်အရွယ်ဖြစ်ပြီး အသက် အကြီး ဆုံးကတော့ ၉၅ နှစ်အရွယ် ဖြစ်သည်ဟု လဗစ် (Lviv)နယ်မြေ အုပ်ချုပ်ရေးမှူး မတ်ဆင်း ကိုဇစ်စကီ (Maksym Kozytskyi)က ပြောသည်။
လဗစ်မြို့နေ လူထု ထိတ်လှန့်နေစဉ်
“ဒီအမျိုးသမီးကြီးဟာ ဒုတိယကမ္ဘာစစ်ကို ကျော်လာနိုင်ခဲ့ပေမယ့်လည်း ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကိုတော့ မကျော်လွှားနိုင်ခဲ့ဘူး”ဟု ကိုဇစ်စကီက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် နာရီပေါင်းများစွာကြာမှ နောက်ဆုံးကျန်ရစ်သူကို အပျက်အစီးပုံထဲက ဆွဲထုတ်နိုင်ခဲ့သည်။
အသက်ရှင် ကျန်ရစ်သူ ၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း လူ ၁၈၀ လောက်ကို စိတ်ဓာတ်ပိုင်း နှစ်သိမ့် ဖေးမ ပေးနေရသည်ဟု ယူကရိန်းအာဏာပိုင်းများက ပြောသည်။
လဗစ်မြို့တော်ဝန် အန်ဒရီ ဆာဒေါ့ရီ (Andriy Sadovyi)၏ ပြောကြားချက်အရ တိုက်ခိုက်ခံရသည့် ဧရိယာအတွင်း က တိုက်ခန်း အဆောက်အအုံ ၆၀ လောက်နှင့် ကားအစင်း ၅၀ လောက် ပျက်စီးသွားသည်ဟု သိရသည်။
ထို့နောက် နှစ်ရက်တာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကြေညာထားကြောင်း ၎င်းက ပြောသည်။
ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဘရစ်ဂျတ် ဘရင့် (Bridget Brink)ကတော့ တိုက်ခိုက်မှုကို ရက်စက်လွန်းသည်ဟု ပြောသည်။
ရုရှားပစ်လိုက်တဲ့ ဒုံးကျည် ထိမှတ်သွားတဲ့ အဆောက်အဦကိုတွေ့ရစဉ်
“ရုရှားက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေဟာ ကြောက်စရာကောင်းတယ်”ဟု သူမက တွစ်တာမှာ ပြောကြားခဲ့သည်။
ပင်လယ်နက်ထဲကနေ လဗစ်ဒေသကို ရုရှားလှမ်းပစ်သည့် ခရုဇ်ဒုံးကျည် ၁၀ စင်းအနက် ၇ စင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က သတင်းထုတ်ပြန်ခဲ့သည်။
ကရင်မလင်တပ်များသည် စစ်ပွဲအတွင်း လူနေရပ်ကွက်များကို အကြိမ်ကြိမ် ပစ်ခတ်နေသော်လည်း ရုရှား အာဏာပိုင်များကတော့ စစ်ရေး အချက်အခြာကျသည့် ပစ်မှတ်များကိုသာ ရွေးပစ်နေကြောင်း ယူကရိန်းဘက်က ပြောသည်။
Source: AP