CNI International News

ဘေဂျင်း၊ ဇူလိုင် ၇

တကယ့်တိုက်ပွဲတွင် နိုင်ခြေပိုများဖို့အတွက် စစ်ပွဲနှင့် တိုက်ပွဲ အစီအစဉ်များကို ပိုပြီး နက်ရှိုင်းစူးရှအောင် တိုးမြှင့် ထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ကို ပြောကြားခဲ့သည်။

ထို့နောက် တရုတ်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်ကို ကာကွယ်ကြရန်လည်း စစ်တပ်ကို ရှီက ထပ်မံ ပြောကြားခဲ့သည်။

နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာကြီးသည် မသေချာမရေရာသည့် ကာလတစ်ခုကို ရောက်လာနေပြီး တရုတ်၏ လုံခြုံရေး အခြေအနေသည်လည်း ပို၍ မတည်မငြိမ် ဖြစ်လာနေသည်ဟု ရှီက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အရှေ့ပိုင်းစစ်ဌာနချုပ်ကို လည်ပတ်စစ်ဆေးစဉ်မှာ ရှီက တပ်ဖွဲ့များကို ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ရှီက “ကျုပ်တို့ဟာ စစ်ရေးပြဿနာတွေကို နိုင်ငံရေးအမြင်နဲ့ ချဉ်းကပ်ကိုင်တွယ်ရမယ်။ တိုက်ရဲရမယ်။ တိုက်ရည် ခိုက်ရည် ကောင်းရမယ်။ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားတွေကို သန္နိဌာန်ခိုင်ခိုင်နဲ့ ကာကွယ်ရမယ်”ဟု ပြောသည်။

အရှေ့ပိုင်းစစ်ဌာနချုပ်သည် ကျန်စုနယ်မှာ ရုံးစိုက်ပြီး အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြား အပါအဝင် တရုတ်အရှေ့ဖျားဒေသ၏ လုံခြုံရေးကို တာဝန်ယူထားရသည်။ 

ရှီကျင့်ဖျင် မိန့်ခွန်းပြောနေစဉ်

အစဉ်အလာကို ချိုးဖျက်ပြီး သမ္မတ တတိယသက်တမ်းအား ဆက်လက် ထမ်းဆောင်ခွင့် ရပြီးနောက်မှာ ရှီက တရုတ်နိုင်ငံအနေနှင့် နိုင်ငံတော်လုံခြုံရေးအား ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နှင့် စစ်တပ်ကိုလည်း သံမဏိ မဟာတံတိုင်းအဖြစ် ပြောင်းလဲပစ်ရန် ယခုနှစ်အစောပိုင်းက တိုက်တွန်းပြောကြားခဲ့သေးသည်။ 

တရုတ်က သူပိုင်ဟု ကြေညာထားသည့် ဒီမိုကရေစီစနစ်ကျင့်သုံးနေသော ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်၍လည်း လွတ်လပ်ရေးလိုလားသည့် ခွဲထွက်ရေးလှုပ်ရှားမှုများနှင့် ပြည်ပအင်အားစုများ၏ စွက်ဖက်မှုမှန်သမျှကို ဆန့်ကျင် ရလိမ့်မည်ဟု ရှီက ပြောသည်။ 

အထူးသဖြင့် တရုတ်နှင့် သီးခြားစီဟု မြင်စေချင်သည့် ထိုင်ဝမ်၏ဆန္ဒကို ထောက်ခံသည့်သဘော ဖြစ်နေခြင်း ကြောင့် ထိုင်ဝမ်ခေါင်းဆောင်များနှင့် မဆက်ဆံရန် တရုတ်က အမေရိကန်အာဏာပိုင်များကို ထပ်တလဲလဲ သတိပေးနေခဲ့သည်။ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီနဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကိုတွေ့ရစဉ်

ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ (Nancy Pelosi) ထိုင်ဝမ်ကို သွားရောက် လည်ပတ်အပြီးမှာ တရုတ်သည် ကျွန်းတစ်ဝိုက်နှင့် ဒေသတွင်းမှာ ကျည်အစစ် အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ 

တရုတ်သည် ထိုင်ဝမ်ကို သူ၏ထိန်းချုပ်မှုအောက် ပြန်လည်သွတ်သွင်းရေးမှာ အင်အားသုံးသည့် နည်းလမ်းကိုလည်း မပစ်ပယ်ထားကြောင်း၊ ၂၀၀၅ ခုနှစ်မှာ ခွဲထွက်ရင်ပဲဖြစ်ဖြစ်၊ ခွဲထွက်လိုသည့် အရိပ်အယောင် မြင်ရသည်ဆိုပါက  ဘေဂျင်းက ထိုင်ဝမ်ကို စစ်အင်အားသုံးနိုင်သော ဥပဒေတစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းထားသည်။ 

အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများကို ဖြေလျော့ရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများအတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျနတ် ယဲလင်(Janet Yellen) ဘေဂျင်းကို ရောက်လာသည့်အချိန်မှာပဲ တိုက်ပွဲဝင် အနေအ ထားကို မြှင့်တင်ဖို့ ရှီက တိုက်တွန်းလာခဲ့ခြင်း ဖြစ်သည်။ 

Source: ရိုက်တာ