CNI International News

ထိုင်ဝမ်၊ မတ်လ ၇

ထိုင်ဝမ် နယ်မြေနှင့်ထိစပ်နေသော ဧရိယာများသို့ တရုတ်စစ်တပ် ရုတ်တရက် ဝင်ရောက်လာနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်ထားရမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများ ရှိနေချိန်တွင် ထိုသို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် ပြီးခဲ့သည့်နှစ်များအတွင်း ထိုင်ဝမ်အနီး စစ်ရေးလှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့ကာ တရုတ် လေတပ် သည်လည်း ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးအဖြစ် သတ်မှတ်ထားရာဇုန်အတွင်းသို့ ရုတ်တရက်ဝင်ရောက် လာမှုများ နေ့စဉ် လုပ်ဆောင်လျက်ရှိသည်။

သို့သော် လက်ရှိအချိန်အထိ တရုတ်တပ်များသည် ကမ်းရိုးတန်းနှင့် ၄၄ ဒသမ ၄ ကီလိုမီတာအကွာ နယ်နိမိတ်ချင်း ထိစပ်နေသော ဇုန်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းမျိုးတော့ မရှိသေးပေ။

တရုတ်စစ်တပ်ကိုတွေ့ရစဉ်

တနင်္လာနေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အမတ်တစ်ဦး၏ မေးမြန်းမှုအား ဖြေကြားရာ၌ ကာကွယ်ရေးဝန်ကြီး ချူကူချန်း (Chiu Kuo-cheng)က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် ထိုင်ဝမ်၏ လေပိုင်နက်၊ ရေပိုက်နက်တို့နှင့် ထိစပ်နေသော ဧရိယာများသို့ ဝင်ရောက်နိုင်ရန် အကြောင်းပြချက် ရှာဖွေနေဖွယ် ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

PLA အနေဖြင့် ထိုင်ဝမ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသောဇုန်သို့ ရုတ်တရက် ဝင်ရောက်လာနိုင်ပြီး ထိုင်ဝမ် နယ်နိမိတ်အနီးသို့ ရောက်လာနိုင်ကြောင်း ချူက ပြောသည်။

တရုတ်စစ်တပ်သည် ပြင်ဆင်မှုများစွာ လုပ်ဆောင်နေခြင်းကြောင့် ယခုနှစ်အတွင်း ထိုသို့ ဖြစ်လာနိုင်သည်ဟု ယူဆကြောင်း၊ တရုတ်စစ်တပ် အနေဖြင့် လိုအပ်လာပါက အင်အားကို အသုံးပြုသွားမည်ဟုလည်း ခန့်မှန်းထား ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် အမေရိကန်နှင့် စစ်ရေးအရ ကူးလူးဆက်ဆံမှုများ အရှိန်မြှင့်တက် ဆောင်ရွက်လာခဲ့ပြီး ယင်းကို တရုတ်ဘက်က ဒေါသဖြစ်လျက် ရှိသည်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုမှုကို တုန့်ပြန်သည့် အနေဖြင့် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင်(Mao Ning)က တရုတ်အစိုးရသည် အချုပ်အခြာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရေးအတွက် ခိုင်မာ သော လုပ်ဆောင်ချက်များ ချမှတ်သွားမည်ဟု ပြောခဲ့သည်။

ထိုင်ဝမ်ကိုတွေ့ရစဉ်

တရုတ်တပ်များသာ ထိုင်ဝမ်နယ်မြေအတွင်းသို့ ဝင်ရောက်လာလျှင် ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်နှင့် တန်ပြန် ထိုးစစ် ဆင်မှုများကို လုပ်ဆောင်သွားမည်ဟု ထိုင်ဝမ်ဘက်က ပြောသည်။

ပြီးခဲ့သည့်နှစ် ထိုင်ဝမ်သို့ ထိုစဉ်က အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ရောက်ရှိလာချိန်တွင် ယင်းကို တုန့်ပြန်ရန် တရုတ်သည် ထိုင်ဝမ်အနီးတွင်း စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။

တရုတ်အစိုးရသည် ထိုင်ဝမ်သို့ နိုင်ငံခြားမှ ထိပ်တန်းအရာရှိများ ရောက်ရှိလာခြင်း သို့မဟုတ် ထိုင်ဝမ်၏ တခြား သော နိုင်ငံများနှင့်စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်ကိစ္စရပ်များကို အကြောင်းပြကာ ပြဿနာရှာလိုနေ သည်ဟု ချူက ပြောသည်။

ထိုင်ဝမ်တွင် အမေရိကန်စစ်တပ်၏ အသုံးအဆောင်များထားရှိရန် ဆွေးနွေးနေကြောင်း ချူက ပြန်လည် ဖြေကြား ခဲ့သော်လည်း ထိုကိစ္စကို အသေးစိတ် ရှင်းပြခြင်းမ ရှိခဲ့ပေ။

အမေရိကန်သည် ထိုင်ဝမ်အတွက် အရေးပါဆုံး လက်နက်ထောက်ပံ့သူဖြစ်ကာ ယင်းအပေါ် အမေရိကန်၏ ထောက်ပံ့မှုများ မြင့်တက်လာခြင်းက ဆိုးရွားလျက်ရှိသော အမေရိကန်-တရုတ် ဆက်ဆံရေးကို ပို၍ တင်းမာလာ စေလျက်ရှိသည်။

Source: အယ်ဂျာဇီးယား