CNI International News

ဖနွမ်းပင်၊ မတ်လ ၇

တိုင်းပြည်၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သည့် မည်သည့် နိုင်ငံခြားသားကိုမဆို သည်းခံသွားမည် မဟုတ်ဟု ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

အတိုက်အခံ ခေါင်းဆောင်တစ်ဦးအား ထောင်ချခဲ့မှုကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုများစွာ ပေါ်ထွက်လာခဲ့ပြီး ရက်အတန်ကြာတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မည်သည့် အခြေအနေတွင်ဖြစ်စေ ကမ္ဘောဒီးယား၏ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုသည့် မည်သူ့ကိုမဆို သည်းခံ သွားမည် မဟုတ်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ပြောသည်။

ထောင်ချခံလိုက်ရတဲ့ ကမ္ဘောဒီယား အတိုက်အခံအား ပူးတွဲ တည်ထောင်သူ ခမ်ဆိုခါကိုတွေ့ရစဉ် (Reuters)

CNRP ဟု ခေါ်သော ကမ္ဘောဒီယား အတိုက်အခံအား ပူးတွဲ တည်ထောင်သူ ခမ်ဆိုခါ (Kem Sokha)အား ပြီးခဲ့သည့် သီတင်းပတ်တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့သည်။

၎င်းသည် နိုင်ငံခြားမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဟွန်ဆန်အစိုးရအား ဖြုတ်ချရန်ကြံစည်မှုဖြင့် စွပ်စွဲခံရသူ ဖြစ်သည်။

ကုလသမဂ္ဂနှင့် အီးယူတို့က အဆိုပါ ပြစ်ဒဏ် ချမှတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကမ္ဘောဒီးယား အစိုးရသည် လုပ်ကြံ ဇာတ်လမ်းများကို အခြေခံကာ တရားဥပဒေကို တလွဲအသုံးချနေသည်ဟု အမေရိကန်ဘက်က ပြောသည်။

ထိုပြစ်ဒဏ် ချမှတ်မှုနှင့် ဇူလိုင်လ ရွေးကောက်ပွဲ မတိုင်ခင် ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီအရေး အားနည်း လာမှုများအပေါ် စိုးရိမ်မိသည်ဟုလည်း ပြင်သစ်၊ သြစတြေးလျနှင့် ဗြိတိန်တို့က ပြောသည်။

ခေါင်းဆောင်ဟောင်းဖြစ်သူ မင်းသား နိုရိုဒွမ် ဆီဟာနော့စ်ကိုတွေ့ရစဉ် (GETTY IMAGES)

နိုင်ငံခြားသားများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြကာ နိုင်ငံအား ပြည်တွင်း စစ်ပွဲများထံသို့ ပြန်လည် ပို့ဆောင်နိုင်သည်ဟု ဟွန်ဆန်က သတိပေးသည်။

အမည်မဖော်လိုသော နိုင်ငံတစ်ခုသည် ခေါင်းဆောင်ဟောင်းဖြစ်သူ မင်းသား နိုရိုဒွမ် ဆီဟာနော့စ် (Norodom Sihanouk) အား ဖြုတ်ချရေးအတွက် ၁၉၇၀ ခုနှစ်က အာဏာသိမ်းမှုတစ်ခုကို ထောက်ပံ့ပေးခဲ့ပြီး နိုင်ငံအား ပြည်တွင်းစစ်သို့ ရောက်ရှိစေခဲ့သည်ဟုလည်း ဟွန်ဆန်က ပြောသည်။

ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များမှ တစ်ဦးဖြစ်သူ ဟွန်ဆန်သည် အာဏာရယူခဲ့သည့် ၁၉၈၅ ခုနှစ်မှ စတင်ကာ အတိုက်အခံများကို နှိပ်ကွပ်ခြင်းဖြင့် ဒီမိုကရေစီမှ နောက်ကြောင်း ပြန်လှည့်ခဲ့သည်ဟု ဝေဖန် သူများက ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်း နိုင်ငံတွင်းမှ အတိုက်အခံများစွာ အရေးယူခံခဲ့ရပြီး နိုင်ငံတွင်းရှိ ဒေသခံ လွတ်လပ်သော မီဒီယာများမှ တစ်ခုသည်လည်း ပြီးခဲ့သည့်လတွင် အပိတ်ခံခဲ့ရသည်။

Source: ဘန်ကောက်ပို့စ်