CNI International News

ဖနွန်ပင်၊ သြဂုတ် ၂၃

ကမ္ဘောဒီးယားလွှတ်တော်သည် သြဂုတ် ၂၂ ရက်က ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ၏ သားအကြီးဆုံးဖြစ်သည့် ဟွန်မာနက် (Hun Manet) ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်တင်မြောက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)သည် ဇူလိုင်လက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အောက်လွှတ်တော် နေရာ ၅ နေရာမှလွဲပြီး ကျန်သည့်နေရာ အားလုံးကို အနိုင်ရရှိခဲ့သည်။ 

အဆိုပါ ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သဖြင့် နိုင်ငံတကာ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

လွှတ်တော်အမတ် တစ်ဦးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်သည် ဖနွန်ပင်မြို့တော်ရှိ အမျိုးသား လွှတ်တော်တွင် ဝန်ကြီးချုပ်အဖြစ် တစ်ညီတစ်ညွတ်တည်း မဲပေး ရွေးကောက်တင်မြှောက် ခံခဲ့ရသည်။

ကမ္ဘောဒီးယား လွှတ်တော်မှာ ဟွန်မာနက် မိန့်ခွန်းပြောနေစဉ်


မဲခွဲဆုံးဖြတ်မှုအပြီးတွင် ဟွန်မာနက်က "ဒီနေ့ဟာ ကမ္ဘောဒီးယားအတွက် သမိုင်းဝင်နေ့ ဖြစ်ပါတယ်"ဟု လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

ဇူလိုင်လ ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ရက်အနည်းငယ် အကြာတွင် ကမ္ဘာ့သက်တမ်း အရှည်ဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟွန်ဆန်က သူသည် ရာထူးမှ နုတ်ထွက်ကြောင်းနှင့် သားဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကမ္ဘောဒီးယားဘုရင်သည် သြဂုတ် ၂၁ ရက်တွင် လွှတ်တော်ကို အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် သြဂုတ် ၂၂ ရက်တွင် လွှတ်တော်အမတ်များက ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီး ဟွန်မာနက်ကို နိုင်ငံ့ခေါင်းဆောင်သစ် အဖြစ် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

ဟွန်မာနက်က ၎င်း၏ အစိုးရသည် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ပြီး ချမ်းသာကြွယ်ဝသည့်် နိုင်ငံအဖြစ် ထူထောင်ကာ လူနေမှု အဆင့်အတန်းများကို တိုးမြှင့်ပြီး သဘာဝပတ်ဝန်းကျင်အရေးကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ သည်။

ဘုရင်က ဟွန်မာနက်ကို အသိအမှတ်ပြုစဉ်

ဟွန်မာနက်၏ အစိုးရအဖွဲ့ထဲတွင် ၎င်း၏ ဆွေမျိုးများ ပါဝင်နေပြီး ဟွန်ဆန်နှင့် ရင်းနှီးသည့် မဟာမိတ်များ၏ သား၊သမီးများသည်လည်း အစိုးရအဖွဲ့၏ ထိပ်သီးနေရာများကို ရရှိခဲ့သည်။

ဟွန်ဆန်၏ သားအငယ်ဆုံးဖြစ်သူ ဟွန် မန်နီ (Hun Many) သည် လူမှုဖူလုံရေးဝန်ကြီး ဖြစ်လာခဲ့ပြီး၊ ဟွန်ဆန်၏ တူဖြစ်သည့် လက်ရှိ သြဇာကြီးမားသည့် ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ နက် ဆာဗိုအွန် (Neth Savoeun) သည် ဒုတိယဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

လက်ရှိ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ သားများသည်လည်း ၎င်းတို့ ဖခင်များ၏ ရာထူးနေရာများကို ရရှိမည်ဟု အေအက်ဖ်ပီ သတင်းဌာနက မြင်တွေ့ခဲ့ရသည့် အစိုးရအဖွဲ့ဝင် မူကြမ်းစာရင်းအရ သိရသည်။

၁၉၈၅ ခုနှစ်ကတည်းက အာဏာရရှိခဲ့သည့် ဟွန်ဆန်သည် ပြည်တွင်းစစ်ကြောင့် မွဲတေခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံကို တိုးတက်စေရန် အဆင့်မြှင့်တင် မွန်းမံမှုများ ပြုလုပ်ခဲ့သော်လည်း အဂတိလိုက်စားမှုများ၊ နိုင်ငံရေး ပြိုင်ဘက်များအပေါ် ဖိနှိပ်မှုများကြောင့် နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှုများကို ရင်ဆိုင်ခဲ့ရသည်။

Source: ဘန်ကောက်ပို့စ်