CNI International News

ဖနွမ်ပင်၊ ဇူလိုင် ၂၇

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen)က သူသည် သြဂုတ်လတွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ပြီး သား အကြီးဆုံးဖြစ်သူ ဟွန်မာနက် (Hun Manet) ကို အာဏာလွှဲပေးသွားမည်ဟု ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

သို့သော် အာရှ၏ သက်တမ်းအရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သည့် ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို ဆက်လက်ပြီး သြဇာလွှမ်းမိုးထားမည်ဟု ယူဆမှုများလည်း ထွက်ပေါ်ခဲ့သည်။

ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့သည့် အင်အားကြီး အတိုက်အခံပါတီများ မပါဝင်သော ရွေးကောက်ပွဲတွင် ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)သည် ကြိုတင်မျှော်မှန်းထားသည့်အတိုင်း သောင်ပြိုကမ်းပြို အနိုင် ရရှိခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သဖြင့် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့သည်။

ကမ္ဘောဒီးယား ပြည်သူ့ပါတီကို တွေ့ရစဉ်

အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်သည် ဇူလိုင် ၂၃ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် လွှတ်တော်၌  ပထမဆုံးအကြိမ် နေရာတစ်နေရာကို အနိုင်ရရှိခဲ့သည်။ ၎င်းသည် စစ်တပ်၏ အကြီးအကဲလည်း ဖြစ်သည်။

အာဏာကို မျိုးဆက်အလိုက် လွှဲပြောင်းမှုအဖြစ် ဟွန်ဆန်၏ သားအငယ်ဆုံးနှင့် အာဏာရပါတီထဲမှ အသက် အရွယ် ကြီးရင့်သူများ၏ သားသမီးများ အပါအဝင် လူငယ်လွှတ်တော် အမတ်များသည် ဝန်ကြီးရာထူးများကို ရယူဖွယ် ရှိနေသည်။

အဆိုပါ လူငယ်လွှတ်တော်အမတ် အများစုသည် အမေရိကန်စစ်တပ်၏ West Point အကယ်ဒမီ (US Military Academy West Point) မှ ဘွဲ့ရရှိခဲ့သည့် ဟွန်မာနက်ကဲ့သို့ အနောက်နိုင်ငံများတွင် ပညာသင်ကြားခဲ့ပြီး ဘွဲ့ ရရှိခဲ့သူများ ဖြစ်သည်။ 

ထို့ပြင် ဟွန်မာနက်သည် အမေရိကန်၏ New York တက္ကသိုလ်တွင် စီးပွားရေး မဟာဘွဲ့၊ ဗြိတိန်၏ Bristol တက္ကသိုလ်တွင် စီးပွားရေးပါမောက္ခဘွဲ့များလည်း ရရှိခဲ့သူ ဖြစ်သည်။

ဟွန်မာနက်ကိုတွေ့ရစဉ်

"ဒါတွေက ကမ္ဘောဒီးယား ခေါင်းဆောင်တွေရဲ့ ပညာတတ်မြောက်မှုဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်ပေမယ့် မူဝါဒကတော့ ပြောင်းလဲလာမှာ မဟုတ်ပါဘူး"ဟု မြို့တော် ဖနွမ်ပင်ရှိ Future Forum ကျွမ်းကျင်ပညာရှင်များ အဖွဲ့၏ဥက္ကဋ္ဌ အူဗီရက် (Ou Virak) က ပြောသည်။

ခမာနီ ကေဒါဟောင်း ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့ပြီး နိုင်ငံရေးပါတီများ အား တားမြစ်ပိတ်ပင်ခြင်း၊ နိုင်ငံရေး ပြိုင်ဘက်များကို ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်စေခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်ခြင်းတို့နှင့်အတူ ၎င်း၏အာဏာအား စိန်ခေါ်သည့် အတိုက်အခံ အားလုံးကို ဖယ်ရှား ရှင်းလင်းခဲ့သည်။

Source: အေပီ