CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၇

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် သြဂုတ် ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာမည်ဖြစ်ပြီး ဖခင်၏ ပြည်တော်ပြန်ဝင်ရောက်မှုကို မိသားစုက စိုးရိမ်နေသည်ဟု သက်ဆင် ၏ သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က ၎င်း၏ Facebook တွင်ရေးသားဖော်ပြခဲ့ သည်။

သက်ဆင်သည် သြဂုတ် ၁၀ ရက်တွင် ဒွန်မောင်း နိုင်ငံတကာလေဆိပ် (Don Mueang International Airport) သို့ ရောက်ရှိလာမည်ဟု ပေတုန်တန်က သက်ဆင်၏ မွေးနေ့ဖြစ်သည့် ဇူလိုင် ၂၆ ရက်တွင် မွေးနေ့ ဆုတောင်းနှင့် တကွ ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်ဟု The Nation Thailand က ဖော်ပြခဲ့သည်။

"အဖေ့ရဲ့ သမီးဖြစ်တဲ့ ကျမအတွက် ဇူလိုင် ၂၆ ရက်တိုင်းက အရေးကြီးတဲ့နေ့တွေပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျမ ဒီလိုစာမျိုးတွေ ရေးနေရတာကို မယုံကြည်နိုင်လောက်အောင်ပါပဲ။ သြဂုတ်လ ၁၀ ရက်မှာ အဖေဟာ ထိုင်းကို ပြန်လာမှာဖြစ်ပြီး ဒွန်မောင်းလေဆိပ်ကို ရောက်ရှိလာမှာပါ"ဟု ပေတုန်တန်က ရေးသားခဲ့သည်။

ယခုနှစ် ဇူလိုင် ၁၇ ရက်သည် သက်ဆင်အတွက် ပြည်ပြေးဘဝဖြင့်  မွေးနေ့ကို ဆင်နွှဲရသည့် ၁၇ နှစ်မြောက် မွေးနေ့ဖြစ်ခဲ့ကြောင်း၊ ဖခင်၏ မွေးနေ့ပွဲနှင့် သုံးကြိမ်မြောက် လွဲချော်ခဲ့ရသည့်် နေ့လည်းဖြစ်သည်ဟု ပေတုန်တန် က ပြောသည်။ 

ပေတုန်တန်နဲ့ သူ၏ ကလေးကိုတွေ့ရစဉ်

ဖခင်ဖြစ်သူ၏ အိမ်ပြန်ခရီးအတွက် ပြင်ဆင်နေရသဖြင့် ယခုနှစ်တွင်လည်း ဖခင်၏ မွေးနေ့ပွဲကို တက်ရောက် နိုင်လိမ့်မည် မဟုတ်ဟု ၎င်းက ပြောသည်။

"ပြည်ပမှာ ကျင်းပခဲ့တဲ့ အဖေ့ရဲ့ မွေးနေ့ပွဲ ၁၇ ပွဲတွေထဲက နှစ်ပွဲကို မတက်နိုင်ခဲ့ပါဘူး။ ဒီနှစ်မှာလည်း အဖေ ထိုင်းကို ပြန်လာဖို့အတွက် ပြင်ဆင်ပေးနေရတာကြောင့် အဖေ့မွေးနေ့ပွဲနဲ့ သုံးကြိမ်မြောက် လွဲချော်မှု ဖြစ်လာ ပါလိမ့်မယ်"ဟု ပေတုန်တန်က ပြောသည်။

ထို့ပြင် သူအပါအဝင် မိသားစုဝင် အားလုံးသည် သက်ဆင်၏ ပြည်တော်ပြန် ဝင်ရောက်မှုအတွက် ပျော်ရွှင်နေသလို စိုးရိမ်မှုများလည်း ရှိနေသည်ဟု ပေတုန်တန်က ပြောသည်။

"ဒါပေမယ့် အဖေ့ရဲ့ ဆုံးဖြတ်ချက်ကို ကျမ လေးစားရပါလိမ့်မယ်။ ပြီးတော့ အဖေလုပ်ခဲ့တဲ့ ကောင်းမှုတွေက အဖေ့ကို ဘေးကင်းလုံခြုံစေပြီး သန်သန်မာမာ ရှိနေစေဖို့ ကာကွယ်ပေးပါလိမ့်မယ်။ အဲဒါကြောင့် အဖေဟာ အဖေကြိုက်တဲ့အချိန်မှာ မြေးတွေကို ကျောင်းကို လိုက်ပို့နိုင်ပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။

သက်ဆင်သည် ထိုင်းနိုင်ငံသား တစ်ဦးဖြစ်ပြီး အောင်မြင်မှု အများဆုံး ရရှိခဲ့သည့် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ် ကြောင်း ပြော၍ ပေတုန်တန်က ၎င်း၏ Facebook ပို့စ်ကို အဆုံးသတ်ခဲ့သည်။ 

ထို့ပြင် ပြည်ပသို့ တိမ်းရှောင်ရခြင်းသည် နိုင်ငံရေးအရ စေ့ဆော်မှုဖြင့် တရားစီရင်ခံရမည့် အရေးကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က ဗိုလ်ချုပ်ကြီး ဆွန်သီ ဘွန်ယာရတ်လင် (Sonthi Boonyaratglin) ဦးဆောင်သည့် စစ်အာဏာသိမ်းမှုကြောင့် သက်ဆင်၏ အစိုးရအဖွဲ့ ပြုတ်ကျခဲ့သည်။

ဗိုလ်ချုပ်ကြီး ဆွန်သီ ဘွန်ယာရတ်လင်ကို တွေ့ရစဉ်

ထို့နောက် သူသည် ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပသို့ တိမ်းရှောင်သွားခဲ့ပြီး ၎င်း၏ အချိန်အများစုကို ဒူဘိုင်းတွင် ကုန်ဆုံးခဲ့သည်။

ထို့ပြင် သူသည် အကျင့်ပျက်ခြစားမှု၊ အခွန်တိမ်းရှောင်မှုနှင့် အာဏာအလွဲသုံးစားလုပ်မှု စွဲချက်များနှင့်ပတ်သက်ပြီး ထောင်ဒဏ်များ ချမှတ်ခံထားရကာ အခြားစွဲချက်များနှင့်လည်း ရင်ဆိုင်နေရသည်။

ဇူလိုင် ၂၆ ရက်က ဖြူးထိုင်းပါတီမှ လွှတ်တော်အမတ်များနှင့် ပါတီဝင်များသည် သက်ဆင်၏ ၇၄ နှစ်ပြည့်် မွေးနေ့ ပွဲအတွက် ဘန်ကောက်မြို့တော်၏ ဝတ်စကတ် (Waat Saket) ဘုန်းကြီးကျောင်းတွင် ဘုန်းတော်ကြီးများကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ပေးခဲ့သည်။

Source: The Nation Thailand