CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၂

ဖြူးထိုင်းပါတီအား ဖျက်သိမ်းရန် ကြိုးပမ်းနေခြင်းသည် နိုင်ငံရေးကစားကွက် တစ်ခုဖြစ်ကြောင်း ဖြူးထိုင်းပါတီက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်(EC)တွင် ဖြူးထိုင်းပါတီကို တိုင်ကြားထားသည့် တိုင်ကြားစာ ၄ ခုရှိသည်။

ထိုတိုင်ကြားစာများထဲတွင် ဖြူးထိုင်းပါတီ ခေါင်းဆောင်ဖြစ်သည့် လက်ရှိ ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) ၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) သည် ဖြူးထိုင်းပါတီကို နောက်ကွယ်မှ ချုပ်ကိုင်ထားကြောင်း စွပ်စွဲထားသည်။

သက်ဆင်သည် ဖြူးထိုင်းပါတီဝင် မဟုတ်သော်လည်း နိုင်ငံရေးပါတီများအက်ဥပဒေအား ချိုးဖောက်ကာ ပါတီကို လွှမ်းမိုးချုပ်ကိုင်ထားကြောင်း တိုင်ကြားစာများထဲတွင် စွပ်စွဲထားကြောင်း၊ ထိုလုပ်ဆောင်မှုသည် ပါတီကို ဖျက်သိမ်းသည့်အထိ အရေးယူခံရနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Palang Pracharath  ပါတီဝင် ရူအန်ကရိုင် လီကစ်ဝတ္တနကို တွေ့ရစဉ်

ရွေးကောက်ပွဲကော်မရှင်ကမူ တိုင်ကြားစာများကို စုပေါင်း၍ စုံစမ်းစစ်ဆေးနေပြီး ထိုစွပ်စွဲချက်များသည် သက်သေ အထောက်အထား ခိုင်လုံမှုရှိမည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်သည် ဖြူးထိုင်းပါတီ ဖျက်သိမ်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် အမှုဖွင့်မည်ဖြစ်သည်။

ထိုတိုင်ကြားစာများကို တင်သွင်းသူများမှာ အမည်မဖော်လိုသူတစ်ဦး၊ Thai Pakdee ပါတီဥက္ကဋ္ဌ ဒက်ချ်ဂစ် ဗစ်ဂရွမ် (Dechgit vigrom) ၊ Palang Pracharath  ပါတီဝင် ရူအန်ကရိုင် လီကစ်ဝတ္တန (Ruangkrai Leekitwattana) ၊ Phirap Khao 2006 အမည်ရှိ နိုင်ငံရေးအဖွဲ့၏ ခေါင်းဆောင်ဟောင်း နော့ဖရွတ် ဝိုရာချစ် (Noppharut Worachitwutthikun) တို့ဖြစ်သည်။

၎င်းတို့၏ တိုင်ကြားစာများထဲတွင် သက်ဆင်သည် အာဏာရဖြူးထိုင်းပါတီနှင့် ယခင် ညွန့်ပေါင်းအဖွဲ့ဝင် ပါတီ ၅ ခု အား တရားမဝင် ဩဇာလွှမ်းမိုးပြီး ကြိုးကိုင်ခြယ်လှယ်နေသည့် အပြင်လူတစ်ဦးအဖြစ် ဖော်ပြထားသည်။

ထိုညွန့်ပေါင်းအဖွဲ့ဝင် ပါတီ ၅ ခုမှာ Bhumjaithai ပါတီ၊ United Thai Nation ပါတီ၊ Palang Pracharath ပါတီ၊ Chartthaipattana ပါတီနှင့် Prachachart ပါတီတို့ ဖြစ်သည်။

ဖြူးထိုင်းပါတီ အတွင်းရေးမှူးချုပ် ဆိုရာဝေါင် သီယန်သွန်းကို တွေ့ရစဉ်

ယခင် ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင် (Srettha Thavisin) ရာထူးမှ ဖယ်ရှားခံခဲ့ရသည့်နေ့တွင် ဖြူးထိုင်းပါတီနှင့် ထိုပါတီ ၅ ခုမှ ခေါင်းဆောင်များသည် ဘန်ကောက်မြို့တော်ရှိ သက်ဆင်၏  Ban Chan Song La စံအိမ်တွင် တွေ့ဆုံပြီး အစည်းအဝေး လုပ်ခဲ့ကြသည်။

ထို့နောက် ရွေးကောက်ပွဲကော်မရှင်တွင် တိုင်ကြားခံခဲ့ရခြင်း ဖြစ်သည်။

ဆရီသာသည် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသူဖြစ်သည့် ပီချစ် ချူအန်ဘန် ( Pichit Chuenban) ကို အစိုးရအဖွဲ့ဝင် ဝန်ကြီး ရာထူး ခန့်အပ်ခဲ့သဖြင့် တရားဥပဒေချိုးဖောက်မှုဖြင့် ဩဂုတ် ၁၄ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ရာထူးမှ ဖယ်ရှားခဲ့သည်။

ဖြူးထိုင်းပါတီ အတွင်းရေးမှူးချုပ် ဆိုရာဝေါင် သီယန်သွန်း (Sorawong Thienthong) ကမူ ထိုလုပ်ဆောင်ချက် များသည် ပါတီကို ဖျက်သိမ်းရန် ကြိုးပမ်းအားထုတ်မှုများဖြစ်ပြီး ဖြူးထိုင်းပါတီတွင် ထိုအမှုကို ပြန်လည်ခုခံချေပ ရန် ခိုင်လုံသည့် သက်သေ အထောက်အထားများ ရှိကြောင်း ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်