CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ 

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား အပစ် အခတ်ရပ်စဲရေးအား အသိအမှတ်ပြုသည့် သို့မဟုတ် လက်မှတ်ရေးထိုးသည့် မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကိုမဆို အမျိုးသားရေးလုပ်ငန်းအား ဆန့်ကျင်သူများအဖြစ် သတ်မှတ်မည်ဟု NSCN-K/YA အဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

NSCN-K/AM ၏ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ NSCN-K/YA အနေဖြင့် အကျင့်ပျက်ခြစားလိုသည့် မည်သူတစ်ဦးတစ်ယောက်၏ အကျိုးအမြတ်အတွက်မျှ မိမိတို့ဒေသကို ထိခိုက်ပျက်စီး အောင် လုပ်ဆောင်မှုကို ခွင့်ပြုမည်မဟုတ်ဟု NSCN-K/YA က ထုတ်ပြန်ခဲ့သည်။

ထို့နောက် မည်သို့ပင်ဖြစ်စေ အရှေ့နာဂပြည်၏ ပကတိအခြေအနေကိုပင် ဆက်လက် ထိန်းသိမ်းထားမည်ဖြစ် ကြောင်း၊ NSCN/GPRN နှင့် နာဂပြည်သူလူထုတို့မှာ မြန်မာ့ပဋိပက္ခတွင် ပါဝင်မှုမပြုဘဲ ကင်းကင်းရှင်းရှင်း နေကြ ကြောင်း၊ မလွှဲမရှောင်သာသည့် အခြေအနေသို့ တွန်းပို့လာခြင်းမရှိသရွေ့ မိမိတို့မှာ ယခုအတိုင်းပင် ဆက်လက်ရပ် တည်သွားမည်ဖြစ်ကြောင်း NSCN-K/YA က ပြောသည်။

 NSCN-K/YA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

၎င်းက “ထို့ကြောင့် NSCN/GPRN ၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန် ချက်နှင့်အညီ နာဂတစ်မျိုးသားလုံး၏ အကျိုးနှင့်ဆင်နွှဲနေသည့် အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေး၏ အကျိုးကို မျှော်ကိုးလျက် အဆိုပါအဖွဲ့အား အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကျဉ်ကြရန် အထက်ဖော်ပြပါ အရှေ့နာဂလူထုအဖွဲ့အစည်းများအား အသိပေးတိုက်တွန်းအပ်ပါသည်။ ၎င်းတို့၏ အဆိုပြု အပစ်အခတ်ရပ်စဲရေး အား အသိအမှတ်ပြုသည့် သို့မဟုတ် လက်မှတ်ရေးထိုးသည့် မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကိုမဆို အမျိုးသားရေးလုပ်ငန်းအား ဆန့်ကျင်သူများအဖြစ် သတ်မှတ်မည်”ဟု ပြောသည်။

မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ ခန္တီးမြို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်ကြိမ် အပစ်အခတ်ရပ်စဲရေးနှင့် နာဂဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ထို့နောက် စက်တင်ဘာလ ဒုတိယအပတ်က မုံရွာမြို့မှာ မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့တွင် ခန္တီးမြို့မှာ စတုတ္ထအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့၍ တိုင်းဒေသကြီး အဆင့် ပဏာမအပစ်အခတ်ရပ်စဲရေး(Bilateral)ထိုးရန် သဘောတူညီခဲ့ကြသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်

သို့သော် စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်သာ ခန္တီးမြို့သို့ ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုးကြောင့် ယနေ့(အောက်တိုဘာ ၂၂ ရက်)အထိ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး နိုင်သေးဘဲ ရှိနေသည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကို ၁၉၈၀ ခုနှစ်က ဖွဲ့စည်းခဲ့သော်လည်း ခေါင်းဆောင်များကြား သဘောထားများ ကွဲလွဲ၍ ၁၉၈၉ ခုနှစ်မှာ ဦးကပ္ပလန် ဦးဆောင်သည့်အဖွဲ့က NSCN-K အဖြစ် မြန်မာပြည် ဘက်မှာ အခြေချလှုပ်ရှားခဲ့ပြီး ဗွီးဗာနှင့်အိုက်ဇက်ရှီချီဆူ ဦးဆောင်သည့်အဖွဲ့က NSCN-IM အဖြစ် အိန္ဒိယ ဘက်မှာနေကာ လှုပ်ရှားခဲ့ကြသည်။

ထို့နောက် ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက် ဒုဥက္ကဋ္ဌ ဦးခမ်းငေါ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ် လမှာ NSCN-K ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သော်လည်း ထိုနှစ် သြဂုတ် ၁၇ ရက်နေ့မှာ ပြန်လည် ဖြုတ်ချ၍ ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

ဦးခမ်းငေါ်သည် ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံရပြီးနောက် အိန္ဒိယဘက်သို့ သူ၏ တပ်ဖွဲ့ဝင် အနည်းငယ်ဖြင့် ထွက်သွား ပြီး ၂၀၂၀ ခုနှစ်မှာ အိန္ဒိယနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

ENNO/ENDA အဖွဲ့ကို တွေ့ရစဉ်

ထို့နောက် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး နီကီဆူမီ၊ ဝန်ကြီး စတားဆွမ်၊ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ညမ်လန်တို့ ကိုလည်း ဦးယုံးအောင်က ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့မှာ NSCN-K/YA အဖွဲ့ကနေ ထုတ်ပယ်လိုက်၍ နီကီဆူမီ ဦးဆောင်သည့်အဖွဲ့က NSCN-K/NK ဆိုသော အဖွဲ့ကိုဖွဲ့စည်း၍  လှုပ်ရှားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူလိုက်သည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အန်းမိုင်နှင့် လန်ညေးတို့ကို NSCN-K/YA အဖွဲ့ကနေ ဦးယုံးအောင်က ထုတ်ပယ်ခဲ့ပြီး အဖွဲ့သစ် ထူထောင်မှုကို ဖျက်သိမ်းပြီး လက်နက်ချရန် သတိပေး ထုတ်ပြန်ခဲ့သေးသည်။

လက်ရှိမှာတော့ အန်းမိုင်သည် NSCN-K/AM အဖွဲ့ကို ထူထောင်၍ နာဂလူမျိုးများ လွတ်မြောက်ရေးအတွက် နာဂလက်နက်ကိုင်အဖွဲ့ အနေဖြင့် လှုပ်ရှားလျက်ရှိသည်။

အဆိုပါ အန်းမိုင် ဦးဆောင်သည့် NSCN-K/AM နှင့် ဦးယုံးအောင် ဦးဆောင်သော NSCN-K/YA အဖွဲ့ကြား တိုက်ပွဲများလည်း ဖြစ်ပွားလေ့ရှိသည်။

တခြားတစ်ဖက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ်များဖြစ်ခဲ့ဖူးသူများနှင့် NSCN-K မှ ထုတ်ပယ်ခံလိုက်ရသော အောင်ဆိုင်းတို့ ဦးဆောင်၍ အရှေ့နာဂအမျိုသားအဖွဲ့အစည်း/ အရှေ့နာဂ ကာကွယ်ရေးတပ်မတော် (ENNO/ENDA)ကို KIA အကူအညီဖြင့် ဖွဲ့စည်းပြီး လှုပ်ရှားလျက်ရှိနေသည်။