CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆

အိန္ဒိယနယ်စပ်ထွက်ပေါက် ရှိသည့် ပန်ဆောင်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင် စီ-ကပ္ပလန်/အန်းမိုင်(NSCNN-K/AM)အဖွဲ့သည် အိန္ဒိယအစိုးရထံမှ စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် ငွေကြေး အကူအညီများ ရရှိခဲ့သည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCNN-K/YA)က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်၍ စွပ်စွဲခဲ့သည်။

ပန်ဆောင်ဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းမှာ တည်ရှိပြီး နာဂဒေသအတွက် တစ်ခုတည်းသော အိန္ဒိယနှင့်နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ရှိသော မြို့လည်း ဖြစ်သည်။

အဆိုပါ ပန်ဆောင်ဒေသကို NSCN-K/AM အပါအဝင် NSCN-K/YA၊ KIA၊ အရှေ့နာဂအမျိုးသားအစည်းအရုံး (ENNO/ENDA) တို့ကလည်း ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

ထို့နောက် NSCN-K/AM အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပန်ဆောင်မြို့ပေါ်သို့ ရောက်ရှိလာပြီး တပ်နေရာချထားမှုများ လုပ်ကာ စိုးမိုးရေး ဆောင်ရွက်ခဲ့ရာမှ ဇန်နဝါရီ ၉ ရက်၌ NSCN-K/YA အဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့၍ NSCN-K/AM ဘက်က ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

ထိုပစ်ခတ်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် NSCN-K/AM အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က နန်းယွန်းမြို့ နယ်အတွင်းရှိ တကားကျေးရွာနှင့် နမ်ဖာကျေးရွာ(၁၈ မိုင်ဂိတ်)ကြားရှိ NSCN-K/YA အဖွဲ့၏ စခန်းကို တိုက်ခိုက်၍ သိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် NSCN-K/AM အဖွဲ့သည် အိန္ဒိယအေဂျင်စီများ၏ အမိန့်အရ အရှေ့နာဂလန်းတွင် အကြမ်းဖက်မှုများ လှုံ့ဆော်ခြင်းဖြင့် နာဂလူမျိုး၏ ငြိမ်းချမ်းရေးဆန္ဒကို ထပ်မံ မထီမဲ့မြင်ပြုခဲ့ကြောင်း၊ ဤအဖွဲ့သည် နာဂတိုက်ပွဲကို တန်ပြန် အသက်ဆက် ဆင်နွှဲရန် အိန္ဒိယထောက်လှမ်းရေး၏ ကိုယ်စားလှယ်သာ ဖြစ်ကြောင်း NSCN-K/YA အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် စွပ်စွဲ ထုတ်ပြန်ခဲ့သည်။

NSCN-K/YA အဖွဲ့က “ အိန္ဒိယအေဂျင်စီများသည် ဤအဖွဲ့(NSCN-K/AM)ကို နားလည်ပေးကြသည်။ အဘယ် ကြောင့်ဆိုသော် အန်းမိုင်တို့ရှိနေခြင်းသည် NSCN-K/YA ကို ချေမှုန်းရန်နှင့် သူတို့နှင့် တိုက်ပွဲများအား အားနည်း စေရန် ဒုတိယ အင်အားစု တစ်ခုအဖြစ် ဆောင်ရွက်သည်ဟု ရှုမြင်ခြင်းကြောင့် ဖြစ်သည်။ အန်းမိုင်အဖွဲ့သည် ပန်ဆောင်ဒေသတွင် NSCN-K/YA ကို တန်ပြန်ရန် အိန္ဒိယအာဏာပိုင်များ ထံမှ စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် ငွေကြေး အကူအညီများ ရရှိခဲ့သည်”ဟု ပြောသည်။

NSCN-K/YA အဖွဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ် 

မစ္စတာအန်းမိုင်နှင့် မစ္စတာမူလာတိုနူးတို့သည် ၎င်းတို့၏ ဆင်ခြင်တုံတရားမဲ့သော အပြုအမူများကို ပြုပြင်ရမည် ဖြစ်ပြီး အိန္ဒိယကဲ့သို့သော နိုင်ငံကို ထောက်ခံခြင်းတွင် မပါဝင်သင့်ကြောင်း NSCN-K/YA အဖွဲ့က ထုတ်ပြန်ခဲ့သည်။

NSCN-K/AM အဖွဲ့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစိုးရများဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းမှာ ရှိသည်။

NSCN-K/YA အဖွဲ့သည် အိန္ဒိယစစ်တပ်ကို အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်အတွင်းမှာ ခြုံခို တိုက်ခိုက်မှုများ ပြု လုပ်လေ့ရှိသည်။ 

အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်နှင့် မြန်မာနိုင်ငံနယ်စပ်တွင် လှုပ်ရှားနေ သည့် NSCN-K/YA ၏ စစ်စခန်းများကို ဒရုန်းဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက တိုက်ခိုက် ခဲ့ရာ ၅ ဦးသေဆုံးခဲ့ဖူးသည်။