CNI International News
တိုင်ပေ၊ ဇန်နဝါရီ ၁၆
အမေရိကန်မှ ထိုင်ဝမ်သို့ လက်နက်များရောင်းချမည့် နောက်ထပ် အစီအစဉ်သစ်များရှိနေပြီး လက်နက် အရောင်း အဝယ် အစီအစဉ် ၄ ခုကို အမေရိကန်လွှတ်တော်သို့ အသိမပေးရသေးကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လက်နက်ရောင်းချမှု အစီအစဉ်တစ်ခုအဖြစ် အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချမည်ဟု ပြီးခဲ့သည့်လက ကြေညာခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်၏ အရေးအကြီးဆုံး ထောက်ခံသူဖြစ်ပြီး လက်နက်အများဆုံး ထောက်ပံ့သူ ဖြစ်သည်။
ထိုင်ဝမ်ကို ၎င်းတို့၏ နယ်မြေအဖြစ် ကြေညာထားသည့် တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လအတွင်း အမေရိကန်နှင့် ထိုင်ဝမ်ကြား လက်နက် အရောင်းအဝယ် အစီအစဉ် ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်-အမေရိကန် အလံကိုတွေ့ရစဉ်
ထိုင်ဝမ် ဒုတိယကာကွယ်ရေးဝန်ကြီး ရွှီစူးချင် (Hsu Szu-chien) သည် အပတ်စဉ် ပြုလုပ်မြဲဖြစ်သော အစိုးရအဖွဲ့ အစည်းအဝေးအပြီး တိုင်ပေ (Taipei) မြို့တော်၌ သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် အမေရိကန်ထံမှ ထိုင်ဝမ်အတွက် နောက်ထပ် လက်နက် အရောင်းအဝယ် အစီအစဉ် ၄ ခုကို အမေရိကန်လွှတ်တော်သို့ တရားဝင် အကြောင်းကြားခြင်း မပြုရသေးကြောင်း ပြောကြားခဲ့သည်။
အကြောင်းကြားသည့် လုပ်ငန်းစဉ်မှာ ပုံမှန်အားဖြင့် လက်နက် အရောင်းအဝယ်များ အတည်ပြုရန်အတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်း ဖြစ်သည်။
“အဲဒီ ၄ ခုက ဘာတွေလဲဆိုတာ ကျနော့်ကို မမေးပါနဲ့။ ကျနော် ပြောလို့မရပါဘူး။ ဒါပေမဲ့ လွှတ်တော်ကို အကြောင်းကြားဖို့ ကျန်နေသေးတဲ့ အစီအစဉ် ၄ ခု ရှိနေတာတော့ အမှန်ပါပဲ” ဟု ရွှီက ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဒီဇင်ဘာလက ကြေညာခဲ့သည့် လက်နက် အရောင်းအဝယ်တွင် လက်နက် အမျိုးအစား ၈ မျိုး ပါဝင်ပြီး ၎င်းတို့ အနက် Lockheed Martin ကုမ္ပဏီထုတ် HIMARS ဒုံးကျည်စနစ်များနှင့် Altius အမျိုးအစား ဖောက်ခွဲ တိုက်ခိုက် ရေး ဒရုန်းများ ပါဝင်သည်။
Source: ရိုက်တာ
