CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၂၂

ထိုင်ဝမ်ကို အမေရိကန်က ဒေါ်လာ ၁၁.၁ ဘီလီယံတန်ဖိုးရှိ လက်နက်များ ရောင်းချမည့် အစီအစဉ်ကို တုန့်ပြန် သည့် အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအား ကာကွယ်ရန် စစ်ရေးလေ့ကျင့်မှု များ တိုးမြှင့်သွားမည်ဖြစ်သလို ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အဆိုပါ လက်နက်ရောင်းချမှု အစီအစဉ်သည် အမေရိကန်မှ ထိုင်ဝမ်သို့ ရောင်းချဖူးသမျှထဲတွင် တန်ဖိုးအကြီးဆုံး လက်နက်ပမာဏ ဖြစ်သည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်အခုအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်အပေါ် စစ်ရေးနှင့်နိုင်ငံရေး ဖိအားများအား တိုးမြှင့်နေချိန်တွင် အမေရိကန်၏  လက်နက်ရောင်းချမည့် အစီအစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် အမေရိကန်ပြည်ထောင်စုထံ ပြင်းထန်သည့် ကန့်ကွက်လွှာ တင်သွင်းထားကြောင်းနှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုများကို ချက်ချင်းရပ်တန့်ရန်၊ ထိုင်ဝမ်လွတ်လပ်ရေး အင်အားစုများအား အားမပေးရန် တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်နဲ့အမေရိကန် ဆက်ဆံရေးကို တွေ့ရစဉ် 

"ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုတွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးကို ရင်းပြီး သာမန်ပြည်သူတွေရဲ့ ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ငွေကြေးတွေကို အမေရိကန် လက်နက်ကုန်သည်တွေ ချမ်းသာ ကြွယ်ဝဖို့အတွက် အသုံးချနေကြပါတယ်။ ဒါဟာ စစ်အင်အားကို အားကိုးပြီး လွတ်လပ်ရေး ရှာဖွေဖို့ ကြိုးပမ်းတာ ပဲ ဖြစ်ပါတယ်" ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သည် ၎င်း၏ ကတိကဝတ်များကို ထပ်တလဲလဲ ချိုးဖောက်ခဲ့ပြီး ထိုင်ဝမ် လွတ်လပ်ရေးအား အားပေး နေခြင်းကြောင့် နောက်ဆုံးတွင် ဒုက္ခရောက်လိမ့်မည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

"တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ပွဲဝင် အသင့်အနေအထားကို ဆက် လက် မြှင့်တင်သွားမှာဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ဖို့ ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ထိုင်ဝမ်ခွဲထွက်ရေး ကြိုးပမ်းမှုတွေနဲ့ ပြင်ပ စွက်ဖက်မှုတွေကို ပြတ်ပြတ်သားသား ဟန့်တားသွားမှာဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။

သို့သော် မည်သည့် အရေးယူမှုများကို လုပ်ဆောင်မည်ဆိုခြင်းကိုမူ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

အမေရိကန်သည် တရုတ်နှင့် တရားဝင် သံတမန် ဆက်ဆံရေးရှိသော်လည်း ထိုင်ဝမ်နှင့် တရားဝင် မဟုတ်သည့် အလွတ်သဘော ဆက်ဆံရေးအား ဆက်လက် ထိန်းသိမ်းထားကာ ထိုင်ဝမ်ကို လက်နက်အများဆုံး ထောက်ပံ့ ပေးနေသည့် နိုင်ငံဖြစ်သည်။

ယခုနောက်ဆုံး လက်နက်ရောင်းချမှု အစီအစဉ်တွင် ယူကရိန်းက ရုရှားတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် HIMARS ဒုံးကျည်စနစ်များလည်း ပါဝင်သည်။

Source: ရိုက်တာ