CNI International News

တိုင်ပေ၊ နိုဝင်ဘာ ၄

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ အပါအဝင် တရုတ်စစ်လေယာဉ် ၃၅ စင်း ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလေယာဉ်များသည် ပစိဖိတ်သမုဒ္ဒရာတွင် လေ့ကျင့်မှုများ ပြုလုပ်ရန် ထိုင်ဝမ်ကျွန်းတောင်ပိုင်းမှ ဖြတ်ပျံသွားခဲ့ ခြင်းဖြစ်ပြီး ၂ ရက်ဆက်တိုက် တရုတ်လေယာဉ်များကို တွေ့ရှိရခြင်းဖြစ်သည်ဟု ထိုင်ဝမ်က ပြောသည်။

တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ ကိုယ်ပိုင်နယ်နိမိတ် တစ်ခုအဖြစ် ကြေညာ ထားပြီး ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ၊ စစ်ရေးလှုပ်ရှားမှုများအား မကြာခဏ ပြုလုပ်လေ့ရှိသည်။

အမေရိကန်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်ခဲ့သည့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ မှတ်ချက်မပေးခဲ့ပေ။

ထိုင်ဝမ်နိုင်ငံအတွင်း တစ်နေရာကိုတွေ့ရစဉ်

ထိုင်ဝမ်ကာကွယ်ရးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တရုတ်၏ J-16 တိုက်လေယာဉ်များ၊ နျူကလီးယား တင်ဆောင်နိုင်သည့် H-6 ဗုံးကြဲ လေယာဉ်များနှင့် ဒရုန်းများ အပါအဝင် တရုတ်စစ်လေယာဉ် ၃၇ စင်းကို နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ ၂ ရက်ကလည်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်သင်္ဘောများနှင့် စစ်လေယာဉ်များ စေလွှတ်ပြီး ပူးတွဲတိုက်ခိုက်ရေး အသင့်အနေအထားရှိစေရန် ကင်းလှည့်သည့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်ကို မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့် ဥပဒေတစ်ခု ထုတ်ပြန်ထား ပြီး ထိုင်ဝမ်အား လက်နက်များ ရောင်းချပေးနေသည်။

ပြီးခဲ့သည့်လကတည်း အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလျံတန်ကြေးရှိ ဒုံးကျည်စနစ်များ ရောင်းချရန် အတည်ပြုခဲ့သဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့သည်။

တရုတ်သည် မေလက စတင်ရုံးထိုင်ခဲ့သည့် ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te)  ကို ခွဲထွက်ဝါဒီတစ်ဦး အဖြစ် ကြေညာထားပြီး ဝေဖန်ပြစ်တင်ခဲ့သည်။

Source: ရိုက်တာ