CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၅
အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ပြောင်းလဲနေသည့် နိုင်ငံတကာရေးရာ အခြေအနေများတွင် မဟာဗျူဟာမြောက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အိန္ဒိယသည် တရုတ် အပါအဝင် အာရှနိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်နေချိန်တွင် တစ်ဖက်တွင်လည်း အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကို ဟန်ချက်ညီအောင် ထိန်းညှိထားသည်။
ရုရှား-ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်နှင့်အိန္ဒိယအကြား ဆက်ဆံရေး၊ ကနေဒါတွင် ဆစ်ခ်ခွဲထွက်ရေး တက်ကြွလှုပ်ရှားသူများနှင့်ပတ်သက်ပြီး ကနေဒါနှင့်အိန္ဒိယအကြား ဆက်ဆံရေးများ အနည်းငယ် ကတောက် ကဆတ် ဖြစ်နေချိန်တွင် အိန္ဒိယက ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ထိန်းသိမ်းထားသည်။
ထို့ပြင် အိန္ဒိယသည် ရုရှားနှင့်ဆက်ဆံရေးကို မြှင့်တင်ခဲ့ပြီး တရုတ်နှင် ရှုပ်ထွေးသည့် ဆက်ဆံရေးကိုလည်း စီမံ ဖြေရှင်းလျက်ရှိသည်။
အိန္ဒိယသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ဝေးကွာစေရန် လုပ်ဆောင်ခြင်းထက် စီးပွားရေးနှင့် ပထဝီ နိုင်ငံရေး စင်မြင့်ထက်တွင် ခိုင်မာစွာ ရပ်တည်ရန်အတွက် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများအကြား ဆက်ဆံ ရေးများကို လိမ္မာပါးနပ်စွာ ထိန်းသိမ်းထားသည်ဟု လေ့လာသူများက ယူဆထားသည်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
ပြည်ပမိတ်ဖက်နိုင်ငံများအပေါ် အိန္ဒိယ၏ မှီခိုမှု အခြေအနေသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသိသာသာ ပြောင်းလဲလာခဲ့သည်ဟု ဂျင်ဒယ် နိုင်ငံတကာရေးရာကျောင်း (Jindal School of International Affairs) မှ ပါမောက္ခတစ်ဦးဖြစ်သူ ဆရီရာဒါ ဒက်တာ (Sreeradha Datta) က ပြောကြားခဲ့သည်။
"၁၉၇၀ ပြည့်နှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယဟာ ကိုယ်ကိုယ့်ကို မှီခိုအားထားတဲ့ လုပ်နိုင်စွမ်းကို တည်ဆောက်ခဲ့တာကြောင့် အရင်ကနဲ့ သိသိသာသာ ကွဲထွက်လာခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတိုင်းဟာ ဘင်္ဂလား ပင်လယ်အော်နဲ့ အင်ဒို-ပစိဖိတ်ဒေသအပေါ် အာရုံစိုက်နေကြပါတယ်" ဟု ဒက်တာက ပြောကြားခဲ့သည်။
ဂျီဒီပီအားဖြင့် ဒေါ်လာ ၃ ထရီလျံကျော် တန်ကြေးရှိသည့် အိန္ဒိယသည် လက်ရှိတွင် ဩဇာအာဏာ ပိုမိုကြီးမား သောနေရာတွင် ရပ်တည်နေသည်ဟု ၎င်းက ဆိုသည်။
"စီးပွားရေးအင်အား ကြီးလာတာကြောင့် အိန္ဒိယဟာ ကမ္ဘာ့စင်မြင့်ထက်ကိုတက်ပြီး ပိုမိုကောင်းမွန်တဲ့ အတွေးအမြင်တွေကို ပြောကြားလာနိုင်တာ အသေအချာပါပဲ" ဟု ဒက်တာက ပြောကြားခဲ့သည်။
Source: SCMP