CNI International News

တိုကျို၊ အောက်တိုဘာ ၈

အိန္ဒိယနိုင်ငံအနေဖြင့် လွဲမှားသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမည်ဆိုပါက တောင်အာရှဒေသတွင် မိတ်ဖက် နိုင်ငံများကို ချိတ်ဆက်နိုင်လိမ့်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အိန္ဒိယသည် သီရိလင်္ကာ အပါအဝင် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်ပြီး အာရှထိပ်သီး အင်အားကြီးနိုင်ငံအဖြစ် တရုတ်နှင့် အားပြိုင်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ကြိုးပမ်းနေချိန် ထိုကဲ့သို့ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ အိန္ဒိယ၏ လွဲမှားသည့် သံတမန် ပရိယာယ်အချို့နှင့်အတူ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေ သော နိုင်ငံရေး အခြေအနေများက မိုဒီ၏ အားထုတ်ကြိုးပမ်းမှုများကို လျော့နည်းစေခဲ့သည်။

ဥပမာအားဖြင့် သီရိလင်္ကာတွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် သမ္မတရွေးကောက်ပွဲ၌ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးများ လွှမ်းမိုးထားသည့် အဖွဲ့အစည်းများ၊ အယူအဆများကို ဆန့်ကျင်သည့် ဝါဒီတစ်ဦးဖြစ်သူ လွှတ်တော် အမတ် အနူရာ ကုမာရ ဒစ္စနာယာကီ (Anura Kumara Dissanayake) က အနိုင်ရရှိခဲ့သည်။

သီရိလင်္ကာ သမ္မတရွေးကောက်ပွဲအနိုင်ရ ဒစ္စနာယာကီကို တွေ့ရစဉ်

သို့သော် ၎င်း၏ Janatha Vimukthi Peramuna (JVP) ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် နေရာ ၂၂၅ နေရာရှိသည့် လွှတ်တော်တွင် ၃ နေရာသာ ရရှိခဲ့သဖြင့် ဒစ္စနာယာကီသည် လွှတ်တော်ကိုဖျက်သိမ်းကာ နိုဝင်ဘာ ၁၄ ရက်တွင် အထွေထွေရွေးကောက်ပွဲ ခေါ်ယူရမည်ဖြစ်သည်။

ထို့ကြောင့် သီရိလင်္ကာသည် ပြည်တွင်းရေး ကိစ္စများနှင့် လုံးပန်းနေရသဖြင့် အိန္ဒိယနှင့် ဆက်ဆံရေးကို ဦးစားမပေး နိုင်ဘဲ ပြည်တွင်းရေးကိစ္စများကိုသာ ဦးစားပေး လုပ်ဆောင်မည်ဖြစ်သည်။

သီရိလင်္ကာကဲ့သို့ အိန္ဒိယ၏ အိမ်နီးချင်း နိုင်ငံအချို့တွင်လည်း ချက်ချင်းဖြေရှင်းရန် လိုအပ်သည့် ပြည်တွင်းရေး ကိစ္စများ ရှိနေသဖြင့် ထိုနိုင်ငံများသည် မိမိတို့ပြည်တွင်းရေးကိုသာ ဦးစားပေး လုပ်ဆောင်ဖွယ် ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

ထို့ပြင် အိန္ဒိယသည် အရှေ့တောင်အာရှတွင်လည်း အဓိပ္ပာယ်ပြည့်ဝသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ရုန်းကန်နေရသည်ဟု လေ့လာသူများက ပြောသည်။

အိန္ဒိယအစိုးရသည် အာဆီယံဒေသအတွင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ၎င်း၏ပုံရိပ်ကို မြှင့်တင်ရန် ရည်ရွယ်ပြီး Look/Act East အမည်ရှိ မူဝါဒကို နှစ်ပေါင်း ၃၀ ကြာ ကျင့်သုံးခဲ့သော်လည်း ထင်ထား သလောက် အရှိန်အဟုန် မရရှိခဲ့ဘဲ အရှေ့တောင်အာရှတွင် အဓိပ္ပာယ်ပြည့်ဝသည့် အခန်းကဏ္ဍမှ ပါဝင်ရန် ရုန်းကန်ခဲ့ရသည်။

Source: Nikkei Asia