CNI International News

နယူးဒေလီ၊ မေလ ၁၈

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီးလ်နာဒူးပြည်နယ် (Tamil Nadu) တွင် ဝန်ကြီးချုပ်သစ်တစ်ဦး တက်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံရှိ လူမျိုးစု နိုင်ငံရေး ခေါင်းဆောင်များသည် ကွဲပြားခြားနားလှသည့် မျှော်လင့်ချက်များကို ထုတ်ဖော်ပြသခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ရုပ်ရှင်မင်းသားဘဝမှ နိုင်ငံရေးသမား ဖြစ်လာသူ စီ ဂျိုးဇက် ဗီဂျေး (C. Joseph Vijay) သည် ၎င်း၏ TVK ပါတီ သစ်ဖြင့် ယခုလ အစောပိုင်းက သမိုင်းဝင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်၌ တမီးလ်နာဒူး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ်နှင့် သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းရှိ တမီးလ်လူမျိုးများသည် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် လူမျိုးစုချင်း အလွန်နီးစပ်ကြသည်။

တမီးလ်နာဒူးပြည်နယ်၏ ခေါင်းဆောင်များသည် သီရိလင်္ကာရှိ တမီးလ်လူနည်းစုများ၏ အခွင့်အရေးများနှင့် ပတ်သက်ပြီး ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားလေ့ရှိကာ၊ အိန္ဒိယဗဟိုအစိုးရ၏ သီရိလင်္ကာဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအပေါ် လွှမ်းမိုးမှု ရှိသဖြင့် နိုင်ငံရေးအရ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။

သီရိလင်္ကာစစ်ပွဲ ရပ်ရေးလှုပ်ရှားမှုကိုတွေ့ရစဉ်

ဗီဂျေး အနေဖြင့် သီရိလင်္ကာရှိ တမီးလ်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူ့အခွင့်အရေးနှင့် စစ်ဘေးဒဏ် ခံခဲ့ရ သည့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယအစိုးရမှတဆင့် ဖိအားပေး ကူညီပေးလိမ့်မည်ဟု သီရိလင်္ကာရှိ တမီးလ်နိုင်ငံရေးသမားများနှင့် ပြည်သူများက မျှော်လင့်နေကြသည်။

သို့သော် သီရိလင်္ကာတွင် နေထိုင်သည့် အင်ဒို- အာရီယန် စကားပြောသည့် လူမျိုးစုဖြစ်သည့် ဆင်ဟာလီ (Sinhalese) လူမျိုးစု ခေါင်းဆောင်များနှင့် သီရိလင်္ကာအစိုးရကမူ တမီးလ်နာဒူးတွင် အမျိုးသားရေးဝါဒ ပိုမို အားကောင်းလာမည့် အရေးကို စိုးရိမ်နေကြသည်။

ထိုအမျိုးသားရေးဝါဒ ပိုမိုအားကောင်းလာမည်ဆိုပါက သီရိလင်္ကာ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် လာခြင်း သို့မဟုတ် ယခင်က ရှိခဲ့ဖူးသည့် ခွဲထွက်ရေး လှုပ်ရှားမှုများကို ပြန်လည် လှုံ့ဆော်လာခြင်းတို့ ဖြစ်လာမည့် အရေးအား ၎င်းတို့က စိုးရိမ်နေခြင်းဖြစ်သည်။

ဗီဂျေးသည် တမီးလ်ရုပ်ရှင်လောက (Kollywood) တွင် အအောင်မြင်ဆုံးနှင့် ပရိသတ်အခြေခိုင်ဆုံး မင်းသား တစ်ဦး ဖြစ်သဖြင့် နိုင်ငံရေးလောကတွင်လည်း ၎င်းအပေါ် ထောက်ခံမှုနှုန်းမှာ အလွန်မြင့်မားနေသည်။

ဗီဂျေး တည်ထောင်ခဲ့သည့် ပါတီအသစ်သည် ဝါရင့်နိုင်ငံရေးပါတီကြီးများကို ကျော်ဖြတ်ကာ ပြည်နယ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဗီဂျေး၏ လစ်ဘရယ်ဆန်ပြီး လူထုအခြေပြု မူဝါဒများက သီရိလင်္ကာနိုင်ငံရေးအပေါ် မည်သို့ သက်ရောက်မည်ကို ဒေသတွင်းနိုင်ငံများက စောင့်ကြည့်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

Source: Nikkei Asia