CNI International News

နယူးဒေလီ၊ ဇူလိုင် ၁

သီရိလင်္ကာ စီးပွားရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ဒေသတွင်း အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်ကို ယှဉ်ပြိုင်နိုင်ရန် အိန္ဒိယအတွက် အခွင့်အရေး ရလာကြောင်း အေပီက ရေးသားဖော်ပြခဲ့သည်။

သီရိလင်္ကာ၏ မဟာဗျူဟာကျ‌သော တည်နေရာသည် ဒေသတွင်း အင်အားကြီး နိုင်ငံများဖြစ်ကြသော တရုတ်နှင့်အိန္ဒိယတို့ကို ဆယ်စုနှစ် တစ်ခုကျော်ကြာ ဆွဲဆောင်ခဲ့ရာ ဘေဂျင်းက သီရိလင်္ကာအပေါ် ချေးငွေစီးဆင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဩဇာ လွှမ်းမိုးလျက် အသာစီးယူခဲ့ကြောင်း ရှုမြင်သုံးသပ်ကြသည်။

သို့သော် သီရိလင်္ကာ စီးပွားရေးပြိုလဲမှုသည် အင်အားကြီး အိန္ဒိယအတွက် နောက်ပြန်လှည့်ကြည့်ရန် အခွင့်အရေး ပေးလာခဲ့ သဖြင့် နယူးဒေလီ(အိန္ဒိယ)အစိုးရက သီရိလင်္ကာထံသို့ ငွေကြေးနှင့်ပစ္စည်းများ ထောက်ပံ့ခဲ့သည်။

“နိုင်ငံတကာ နိုင်ငံရေးက ပရဟိတ ထောက်ပံ့တာမျိုးနဲ့ မတူဘူးပေါ့။ အဓိကရည်ရွယ်တာက အိန္ဒိယရဲ့ နောက်ဖေးပေါက် ကနေ တရုတ်ကို ထွက်ခွာစေပြီး နယူးဒေလီရဲ့ ဟန်ချက်ညီတဲ့ လုပ်ဆောင်ချက် ပြန်သွားဖို့ ရည်ရွယ်ပါတယ်” ဟု အိန္ဒိယနိုင်ငံ၊ ဆိုနီပက်မြို့ (Sonipat) ရှိ အိုပီဂျင်ဒယ် (O.P. Jindal) တက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေးဌာန အကြီးအကဲ စရီရမ် ချူလီ ယာ (Sreeram Chaulia) က ပြောကြားခဲ့သည်။

လူဦးရေ ၂၂ သန်းရှိသော သီရိလင်္ကာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ၏ တောင်ဘက် ကမ်းရိုးတန်းအနီး တည်ရှိခြင်းကြောင့် တရုတ်၏ အရှေ့အလယ်ပိုင်းမှ တင်သွင်းလာသော ရေနံသင်္ဘောများ ဖြတ်သန်းရာ လမ်းကြောင်း ဖြစ်နေသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း (BRI) အစပျိုးမှုအရ အာရှနှင့် အာဖရိကက အခြေခံ ဆောက်အဦ စီမံကိန်းများတွင် ငွေကြေးသုံးစွဲခဲ့ရာ၌ သီရိလင်္ကာ ဝန်ကြီးချုပ်ဟောင်း မဟိန္ဒာရာဂျာပက်ဆာက တရုတ် ချေးငွေ အမြောက်အမြား ရယူမိခဲ့သည်။

သီရိလင်္ကာဝန်ကြီးချုပ်ဟောင်းမဟိန္ဒာရာဂျာပက်ဆာနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (AP)

ထိုသို့ ချေးငွေယူခြင်းကို ကျွမ်းကျင်သူများက ပယ်ချခဲ့သော်လည်း ဝန်ကြီးချုပ်ဟောင်းက ၎င်း၏ဇာတိ ဟမ်ဘန်တိုတာ (Hambantota) ဒေသတွင် ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်အတွက် ၁ ဒသမ ၁ ဘီလီယံ အပါအဝင် ချေးငွေများ လက်ခံခဲ့သည်။

အဆိုပါ ရေနက်ဆိပ်ကမ်းအတွက် တရုတ်ကို ပြန်ဆပ်ရန် လုံလောက်သည့် နိုင်ငံခြားဝင်ငွေ မရသည့်အခါ ၂၀၁၇ ခုနှစ်တွင် သီရိလင်္ကာက စက်ရုံ၊ အလုပ်ရုံအချို့နှင့် မြေဧက ထောင်ပေါင်းများစွာ ဘေဂျင်း(တရုတ်)လက်ထဲသို့ ၉၉ နှစ်ကြာ ထိုးအပ် လိုက်ရသည်။

ထို့နောက် ဒေသတွင်း ပြိုင်ဘက် အိန္ဒိယနှင့် အနီးကပ်ဆုံးနေရာ၌ တရုတ်သည် ခြေကုပ်စခန်း တစ်နေရာ ရလာခဲ့သည်။

အထူးသဖြင့် သီရိလင်္ကာ၊ နီပေါနှင့် မော်လဒိုက် ကဲ့သို့ နိုင်ငံငယ်များ အပါအဝင် တောင်အာရှဒေသ၌ တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာသဖြင့် အိန္ဒိယအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာစေခဲ့သည်။

နှစ်နိုင်ငံ အငြင်းပွားနေကျဖြစ်သည့် ဟိမဝန္တာ၊ လာဒက် (Ladakh) နယ်စပ်တွင်လည်း အိန္ဒိယနှင့် တရုတ်စစ်သားများ အသေ အပျောက်ရှိခဲ့သော တိုက်ပွဲများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်၏ ဒေသတွင်း အားကောင်းလာမှုကို အိန္ဒိယ၏ စိုးရိမ်ပူပန် မှု ပိုမိုနက်ရှိုင်းလာခဲ့သည်။

ရေကြောင်း ချဉ်းကပ်မှု အနေဖြင့် ဘေဂျင်း(တရုတ်)၏ စစ်ရေးအာရုံစိုက်မှုသည် လက်ရှိ တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ် သမုဒ္ဒရာဘက်သို့ ရောက်နေသော်လည်း သီရိလင်္ကာနှင့် အိန္ဒိယသမုဒ္ဒရာကို တရုတ်၏ စီးပွားရေးအမြင်မှာ ပိုမို စေ့ဆော်လျက် ရှိကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးသိပ္ပံမှ သုတေသီ ရာဟူးလ်ရွိုင်ချောင်ဒရီ (Rahul Roy-Chaudhury) က ပြောကြားခဲ့သည်။

Source: AP