CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂
မက္ကဆီကိုကလပ် မွန်တာရေးအသင်းဟာ ဒီနှစ်ကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဝါရင့်နောက်ခံလူ ရာမို့စ်ကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ မွန်တာရေးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ စပိန်နောက်ခံလူဟောင်းဟာ အသင်းအတွက် လိဂ် ၁၅ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားပါတယ်။
ရာမို့စ်ကို စာချုပ် သက်တမ်းတိုးမယ့် အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့တာမှာ မွန်တာရေးအသင်း အကြီးအကဲ နိုရီဂါက ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။
နိုရီဂါက “ရာမို့စ်ကို စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေရှိနေပြီး ဒါကပုံမှန်ပါပဲ။ ဒါနဲ့ ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာတွေကို ကျနော် မပြောချင်ပါဘူး။ ဘာလို့လဲဆိုရင် အခုအချိန်မှာ အရေးကြီးဆုံး အရာဖြစ်တဲ့ အသင်း ဘယ်လိုဖြစ်မလဲနဲ့ အမေရိကလို ခက်ခဲတဲ့ပြိုင်ဘက်ကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကို အာရုံလွဲသွား နိုင်စေလို့ပါ”လို့ ပြောခဲ့တာပါ။

ရာမို့စ်ကို တွေ့ရစဉ်
မွန်တာရေးအသင်းဟာ နိုဝင်ဘာ ၂၆ ရက်မှာ ကစားမယ့် ကလပ်အမေရိကအသင်းနဲ့ ကွာတားဖိုင်နယ် ပထမ အကျော့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ အသက် ၄၀ နှစ်ပြည့်မယ့် ရာမို့စ်ဟာ မွန်တာရေးအသင်းမှာ ဆက်ပြီးကစားချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖော်ပြထားပါတယ်။
ရာမို့စ်က “ကျနော့်ရဲ့စာချုပ်က ဒီဇင်ဘာမှာ ကုန်ဆုံးမယ်ဆိုတာ မှန်ပေမယ့် ဒီမှာအလွန်ပျော်ရွှင်ပြီး သက်တောင့် သက်သာ ရှိတာကြောင့် ဒီမှာဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ မက္ကဆီကိုဟာ ကျနော့်ကို ကောင်းမွန်စွာ ဆက်ဆံတဲ့ နိုင်ငံဖြစ်ပြီး မွန်တာရေးကလည်း အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့ စီမံကိန်းရှိ ကလပ်တစ်ခုပါ”လို့ ပြောခဲ့ပါတယ်။
စပိန်အသင်းနဲ့ ကမ္ဘာ့ဖလား ၁ ကြိမ်၊ ယူရိုဖလား ၂ ကြိမ်ရခဲ့တဲ့ ရာမို့စ်ဟာ ရီးရယ်လ်အသင်းမှာ ၁၆ နှစ်ကြာရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၅ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။
ရာမို့စ်ဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ PSG အသင်းနဲ့ ငယ်ဘဝကလပ် ဆီဗီလာအသင်းတွေထံ ပြောင်းရွှေ့ ကစားခဲတာဖြစ်ပါတယ်။
Source: ESPN
