CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
စပိန်နောက်ခံလူဟောင်းရာမို့စ်နဲ့ ရင်းနှီးမြှုပ်နှံမှုအုပ်စု Five Eleven Capital တို့ဟာ ဆီဗီလာအသင်းရဲ့ အဓိကရှယ်ယာရှင်တွေနဲ့ သဘောတူညီမှုရရှိခဲ့တာကြောင့် ရာမို့စ်ဟာ သူ့ရဲ့ငယ်ဘဝကလပ်ကို ဝယ်ယူဖို့ နီးစပ်နေပါတယ်။
စပိန်သတင်း El Pais က ယူရိုသန်း ၄၀၀ ခန့်နဲ့ဝယ်ယူမယ့် သဘောတူညီမှုဟာ ကလပ်ရဲ့ စုစုပေါင်း ရှယ်ယာ တွေထဲက ၈၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး တစ်စုကို ယူရို ၃,၅၀၀ ကျသင့်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။
ဒီအရောင်းအဝယ်အပြီးသတ်နိုင်ဖို့အတွက် လာလီဂါနဲ့ စပိန်အမျိုးသား အားကစားကောင်စီတို့ရဲ့ ခွင့်ပြုချက် ရဖို့ လိုအပ်တာပါ။
၂၀၀၁-၀၂ ရာသီကတည်းက လာလီဂါမှာ အမြဲတမ်းရှိခဲ့တဲ့ ဆီဗီလာအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွား နေတာကြောင့် တန်းဆင်းဇုန်ထဲမကျရောက်ဖို့ တိုက်ပွဲဝင်နေရပါတယ်။

၂၀၂၂-၂၃ ရာသီမှာ ယူရိုပါလိဂ် ဖလား ရယူနိုင်ခဲ့တဲ့ ဆီဗီလာအသင်းဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ အဆင့် ၁၃ နေရာရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၁ မှတ်သာ ကွာဟတာဖြစ်ပါတယ်။
ဆီဗီလာအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၁၇ နေရာ ရပ်တည်ပြီး ရာသီအဆုံးသတ်ခဲ့ရတာပါ။
စပိန်အသင်းနဲ့ ကမ္ဘာ့ဖလား၊ ယူရိုချန်ပီယံဆုတို့ကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ရာမို့စ်ဟာ ဆီဗီလာအသင်းမှာ လူငယ်ကစားသမားဘဝစတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ ခဲ့ကာ ဆုဖလားပေါင်း ၂၂ ခုရယူနိုင်ခဲ့ပါတယ်။
ရာမို့စ်ဟာ ၂၀၂၃-၂၄ ရာသီမှာ ဆီဗီလာအသင်းထံ ပြန်လာပြီး တစ်ရာသီကြာကစားကာ မက္ကဆီကိုကလပ်မွန် တာရေးအသင်းမှာ နောက်ဆုံးကစားခဲ့တာ ဖြစ်ပါတယ်။
Source: ChannelNewsAsia
