CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၃

ကမ္ဘာ့ဖလားပြိုင်ပွဲကို ပွဲဦးထွက်အဖြစ်ယှဉ်ပြိုင်မယ့် ကူရာဆောအသင်းရဲ့နည်းပြရာထူးကနေ ရူတန်ထွက်ခွာ သွားပြီးနောက် နယ်သာလန်လူမျိုးအက်ဒ်ဗိုကတ်ဟာ အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ 

အက်ဒ်ဗိုကတ်ဟာ ကူရာဆောအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲပထမဆုံးယှဉ်ပြိုင်ခွင့်ရရှိအောင် ဦးဆောင်ခဲ့ပြီး လပိုင်း အကြာမှာ သမီးဖြစ်သူရဲ့ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ 

အခုအချိန်မှာ သမီးဖြစ်သူရဲ့ အခြေ အနေဟာ တိုးတက်မှုတွေရှိခဲ့တဲ့အတွက် ဝါရင့်နည်းပြဟာ ကူရာဆောအသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ဖြစ်လာခဲ့ ပါတယ်။ 

အသက် ၇၈ နှစ်အရွယ်ရှိ အက်ဒ်ဗိုကတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အသက်အကြီးဆုံးနည်းပြအဖြစ် မှတ်တမ်းရေးထိုးနိုင်တော့မှာပါ။ 

ကူရာဆောအသင်းဟာ ရူတန်ကိုင်တွယ်ခဲ့တဲ့ ကာလတိုအတွင်းမှာ တရုတ်နဲ့ သြစတြေးလျအသင်းတို့ကို အရေးနိမ့်ခဲ့တာကြောင့် ကူရာဆောဘောလုံးအဖွဲ့ချုပ်ဟာ အက်ဒ်ဗိုကတ်ကို ပြန်လည် ခန့်အပ်ဖို့ ကစားသမားတွေ၊စပွန်ဆာတွေရဲ့ဖိအားပေးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 

အဲဒါကြောင့် ရူတန်ဟာ ကူရာဆောအသင်းနည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်မယ့် အသေးဆုံးနိုင်ငံဖြစ်တဲ့ ကူရာဆောဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စု E မှာ ဂျာမနီ၊ အီကွေဒေါ၊ အိုင်ဗရီကို့စ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။

ကူရာဆောအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲတွေအဖြစ် မေလ ၃၀ ရက်မှာ စကော့တလန်၊ဇွန်လ ၆ ရက်မှာ အရူဘာအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: BBC