CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ဒတ်ချ်လူမျိုးနည်းပြ အက်ဒ်ဗိုကတ်ဟာ ကူရာဆာအိုအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသေးငယ်ဆုံး နိုင်ငံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ၃ လအကြာမှာ သူ့ရဲ့နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိ နည်းပြဟာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ သမီးဖြစ်သူကို ပြုစုပေးဖို့အတွက် အခုလို ဆုံးဖြတ်ချက်ချခဲ့တာလို့ ဒတ်ချ်သတင်းစာ AD က ဖော်ပြထားတာပါ။
နယ်သာလန်အသင်းကို ၃ ကြိမ် တာဝန်ယူခဲ့တာ အပါအဝင် ရိန်းဂျားစ်၊ ဆန်းဒါးလန်းနဲ့ ဖီနာဘာချီအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ အက်ဒ်ဗိုကတ်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အက်ဒ်ဗိုကတ်က “ဘောလုံးထက် မိသားစုက ပိုပြီး အရေးကြီးတယ်ဆိုတာ ကျနော် အမြဲတမ်း ပြောဖူးပါတယ်။ ဒါကြောင့် ဒါဟာ သဘာဝကျတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျနော်ဟာ ကူရာဆာအိုနိုင်ငံ၊ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အလွန် လွမ်းဆွတ်နေမှာပါ။ ကမ္ဘာ့ အသေးငယ်ဆုံးနိုင်ငံကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တာက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့ပါတယ်။

အက်ဒ်ဗိုကတ်ကို တွေ့ရစဉ်
ကူရာဆာအိုအသင်းဟာ အက်ဒ်ဗိုကတ်ရဲ့ နေရာမှာ နောက်ထပ် အတွေ့အကြုံရင့် ဒတ်ချ်လူမျိုးနည်းပြ တစ်ဦး ဖြစ်တဲ့ ဖရက်ဒ်ရက်ဒ်တန်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။
ဖရက်ဒ်ရက်တန်က အက်ဒ်ဗိုကတ်ရဲ့ အလုပ်ကို ဆက်လုပ်ရမှာက ဂုဏ်ယူစရာဖြစ်ပြီး သူ့ရဲ့ လမ်းကြောင်းအတိုင်း ဆက်သွားကာ အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ကူရာဆာအိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု E မှာ ဂျာမနီ၊ အီကွေဒေါ၊ အိုင်ဗရီကို့စ်တို့နဲ့ တစ်အုပ် စုတည်း ကျရောက်နေတာပါ။
ကူရာဆာအိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် တရုတ်၊ သြစတြေးလျ၊ စကော့တလန် အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Dailymail
