CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
စပါးအသင်းဟာ အီတလီကွင်းလယ်လူ တိုနယ်လီကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပါတယ်။
စပါးအသင်းဟာ တိုနယ်လီအတွက် ပေါင်သန်း ၈၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို နယူးကာဆယ်အသင်းက ပယ်ချခဲ့ပေမယ့် အခုအချိန်မှာတော့ ပေါင် ၉၂.၅ သန်း၊ add-ons ပေါင် ၇.၅ သန်းနဲ့ ကမ်းလှမ်းမှုကို သဘောတူညီမှု ရရှိခဲ့တာပါ။
စပါးအသင်းဟာ တိုနယ်လီကို ၆ နှစ် စာချုပ် ချုပ်ဖို့ရှိနေပြီး သူဟာ အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၇၅,၀၀၀ ရရှိမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
စပါးအသင်းဟာ မကြာသေးမီက ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ မာတီးယက်စ် ဖာနန်ဒက်စ်ကို ပေါင် ၈၅ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
လန်ဒန်ကလပ်ဟာ ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက် တိုနယ်လီ အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

တိုနယ်လီကို တွေ့ရစဉ်
စပါးအသင်းထံ တိုနယ်လီ ပြောင်းရွှေ့နိုင်ဖို့အတွက် သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ နည်းပြဒီဇာဘီက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး တိုနယ်လီဟာ သူ့ရဲ့ကစားပုံစတိုင်မှာ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ဖို့ ရှိနေ တာပါ။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၇ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီးနောက် ရာသီသစ် မတိုင်မီ ကစားသမား အများအပြား အားဖြည့်နေတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဘန်လေအသင်း ဂိုးသမားဟောင်း ဒူဘရာကာ၊ လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ရော်ဘတ် ဆန်နဲ့ ဘုန်းမောက်အသင်း နောက်ခံလူဟောင်း ဆီနီစီတို့ကို အလွတ်နဲ့ခေါ်ယူခဲ့သလို ဘရိုက်တန်အသင်း နောက်ခံ လူ ဗန်ဟက်ကတ်ကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူထားတာပါ။
စပါးအသင်းဟာ မန်စီးတီးအသင်း တောင်ပံကစားသမား ဆာဗင်ဟို၊ မိုနာကိုအသင်း တိုက်စစ်မှူး ဘာလိုဂန်တို့ ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
Source: Dailymail
