CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆

စပါးအသင်းတိုက်စစ်မှူး ရစ်ချာလီဆန်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၇ ပတ်ကြာ အနားယူရမှာဖြစ်လို့ ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ် မတိုင်မီ အသင်းရဲ့ တိုက်စစ် ရွေးချယ်စရာအတွက် ထိုးနှက်ချက်ဖြစ် ခဲ့ပါတယ်။ 

ရစ်ချာလီဆန်ဟာ ဒီရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ စပါးအသင်းအတွက် ၇ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးထားကာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာပါ။ 

စပါးအသင်းဟာ FA ဖလားပြိုင်ပွဲမှာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ရလဒ် ကောင်း ရယူနိုင်ဖို့ ကြိုးစားနေချိန်မှာ ရစ်ချာလီဆန်ရဲ့ ဒဏ်ရာသတင်းကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 

ရစ်ချာလီဆန် မပါဝင်နိုင်ပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ အာဖရိကဖလား ပြိုင်ပွဲကနေ ပြန်လာခဲ့တဲ့ ဘစ်ဆူးမား ပြန်ပါဝင်နိုင်သလို ဘာ့ဂျ်ဗောလ်လည်း ပါဝင်နိုင်ဖို့ရှိနေပါတယ်။

ရစ်ချာလီဆန်ကို တွေ့ရစဉ်

ဒါ့ပြင် နောက်ခံလူ အူဒိုဂီနဲ့ တိုက်စစ်မှူး ဆိုလန်ကီတို့လည်း အပြည့်အဝ ကြံ့ခိုင်မှုရရှိဖို့ နီးစပ်နေတဲ့အတွက် ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ စပါးအသင်း လူစာရင်းထဲ ပါဝင်လာဖို့ရှိနေတာပါ။ 

ပြီးခဲ့တဲ့ပွဲကို ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရိုမဲရိုးလည်း ပြန်လည်ပါဝင်မှာ ဖြစ်ပါတယ်။ 

စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၁၄ နေရာ ရပ်တည်နေပြီး ဝက်စ်ဟမ်းအသင်းကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၈ နေရာ ရပ်တည်နေကာ သူ့ရဲ့အထက်က နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ၇ မှတ် ကွာဟနေပါတယ်။

စပါးအသင်းဟာ ကွင်းလယ် လိုအပ်ချက်အတွက် မကြာသေးမီက အက်သလက်တီကိုအသင်း ကွင်းလယ်လူ ဂယ်လာဂါကို ခေါ်ယူအားဖြည့်ထားတာပါ။ 

စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဂယ်လာဂါဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယား လိဂ်မှာ အတွေ့အကြုံ အများအပြား ရှိသလို သူ့ရဲ့ခေါင်းဆောင်မှု အရည်အချင်းတွေကို မီးမောင်းထိုး ပြောခဲ့ပါ တယ်။ 

Source: CNA