CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာဟာ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာ မယ်လို့ အတည်ပြုခဲ့ပါတယ်။ 

သြစတြီးယားလူမျိုး နည်းပြဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပထမဆုံး အဓိက ဆုဖလားအဖြစ် ပြီးခဲ့တဲ့ရာသီမှာ FA ဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။ 

FA ဖလားရခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် ဂလက်စ်နာဟာ လီဗာပူးလ်အသင်းကို အနိုင်ရပြီး ကွန်မြူနတီဒိုင်းရရှိအောင် ခရစ္စတယ်ပဲလေ့စ်အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ 

ဂလက်စ်နာဟာ ပြီးခဲ့တဲ့နွေရာသီမှာ စာချုပ်သစ် ကမ်းလှမ်းခံခဲ့ရပေမယ့် စာချုပ်သစ် မချုပ်တော့ဘူးဆိုတဲ့ အကြောင်းကို အောက်တိုဘာလက အသင်းအကြီးအကဲကို အသိပေးခဲ့တာပါ။ 

ဂလက်စ်နာကို တွေ့ရစဉ်

ခရစ္စတယ်ပဲလေ့စ်အသင်း ခေါင်းဆောင် ဂူဟီဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်ဆိုတဲ့ သတင်းနဲ့ အတူ ဂလက်စ်နာရဲ့ သတင်းလည်း ထွက်ပေါ်လာခဲ့ပေမယ့် သူကတော့ ဒါဟာ အပြောင်းအရွှေ့ ဆုံးဖြတ်ချက်တွေ နဲ့ မဆိုင်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဂလက်စ်နာက “လပေါင်းများစွာကတည်းက ဆုံးဖြတ်ချက်ချပြီးပါပြီ။ အောက်တိုဘာ နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင် ချိန်မှာ ပါရစ်ရှ်နဲ့တွေ့ဆုံခဲ့ပြီး စာချုပ်သစ် မချုပ်တော့ဘူးလို့ ကျနော်ပြောခဲ့ပါတယ်။ ဒီအကြောင်းအရာကို ကျနော် တို့ကြားမှာ သိမ်းဆည်းထားပေမယ့် အခုကတော့ ရှင်းလင်းဖို့အရေးကြီးလာခဲ့ပါပြီ”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ နွေရာသီမှာ ခန့်အပ်မယ့် အမြဲတမ်း နည်းပြရာထူးအတွက် စာရင်းထဲမှာ ဂလက်စ်နာကို ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

အဲ့ဒါကြောင့် ဂလက်စ်နာဟာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

Source: BBC