CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉

ဝုလ်ဗ်စ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲဟာ နည်းပြ အာမိုရင် လက်ထက် ယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်ကန်သွင်းမှု အများဆုံး ပွဲဖြစ်ခဲ့ပေမယ့် သူကတော့ အသင်းဟာ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

အာမိုရင်က “ကောင်းမွန်စွာ စတင်ခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် ဝုလ်ဗ်စ်အသင်းကို သွင်းဂိုးခွင့်ပြုပြီး ပွဲထဲ ပြန်ဝင်ခွင့်ပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပိုကောင်းအောင် ကစားခဲ့ပြီး ကျနော်တို့ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ၄ ဂိုး သွင်းခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု အများအပြား ရှိခဲ့တာကြောင့် အဆုံးသတ်ပိုင်း ကောင်းမွန် အောင် လုပ်ရပါဦးမယ်။ ပြီးခဲ့တဲ့ရာသီနဲ့ နှိုင်းယှဉ်ရင် ကျနော်တို့ အများကြီး တိုးတက်လာတယ်လို့ ထင်ကြောင်း” Sky Sports မှာ ပြောခဲ့တာပါ။ 

ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်က ၂ ဂိုး၊ မေဆန်မောင့်နဲ့ အမ်ဘူမိုတို့က ၁ ဂိုးစီ သွင်းခဲ့တာဖြစ်ပြီး အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၆ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်အထိရှိခဲ့ပြီး နည်းပြအာမိုရင် လက်ထက် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ 

 ယူနိုက်တက်အသင်းနဲ့ ဝုလ်ဗ်စ်အသင်း ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက်အသင်းအတွက် ၁ ဂိုးသွင်းပြီး ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ ကွင်းလယ်လူ မေဆန်မောင့်ကို နည်းပြအာမိုရင်က ချီးကျူးခဲ့ပါတယ်။ 

အာမိုရင်က မေဆန်မောင့်ဟာ ခံစစ်ရော၊ တိုက်စစ်ပါ ကစားနိုင်ပြီး အလွန်ကောင်းမွန်တဲ့ ကစားသမားလို့ ပြောခဲ့ပါတယ်။ 

ဝုလ်ဗ်စ်အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ် အလွန်ဆိုးရွားနေပြီး ၁၅ ပွဲ ကစားထားတာမှာ နိုင်ပွဲမရသေးဘဲ ရမှတ် ၂ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာပါ။ 

ဝုလ်ဗ်စ်အသင်းနည်းပြ အက်ဒ်ဝါဒ့်က ကစားသမားတွေဟာ ကြိုးစားကြပေမယ့် ယုံကြည်မှုတွေ ကင်းမဲ့လာ တာကြောင့် သူတို့ရဲ့ အကောင်းဆုံးပုံစံတွေကို မပြသနိုင်တဲ့အတွက် ပိုပြီးခက်ခဲလာတယ်လို့ ပြောခဲ့ပါတယ်။ 

Source: beinsports