CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ခန့်မှန်း ထားတာထက် ပိုစောပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို တိုက်ပွဲဝင်နိုင်မယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။ 

အာမိုရင်က “သူ(ဖာဂူဆန်)က ကျနော့်ထက် ဘောလုံးကို ပိုပြီးနားလည်ပါတယ်၊ အထူးသဖြင့် အင်္ဂလိပ်ဘောလုံး လောကကိုပါ။ ကျနော်တို့ဟာ လိဂ်ဖလား ရယူနိုင်ဖို့ ဒီလောက်အချိန်ကြာမှာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဘယ်မန်နေဂျာက ဒီနေရာမှာ ရှိနေမလဲဆိုတာ ကျနော် မသိပေမယ့် လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ကျနော် တို့ဟာ ချန်ပီယံဆုကို တိုက်ပွဲဝင်နိုင်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၂၀၁၂-၁၃ ရာသီမှာ ပရီးမီးယား လိဂ်ဖလားကို ရယူပြီးနောက်ပိုင်း အမှတ်ပေးဖလားနဲ့ ဝေးကွာနေတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ရလဒ်တွေ ကျဆင်းနေပြီး မနှစ်က ရာသီမှာဆိုရင် အဆင့် ၁၅ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရတာပါ။ 

အာမိုရင်နဲ့ ဖာဂူဆန်ကို တွေ့ရစဉ်

မန်ချက်စတာကလပ်ဟာ ဒီရာသီမှာတော့ ရလဒ် အနည်းငယ် ပြန်ကောင်းနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၁ ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။ 

ဖာဂူဆန်ဟာ မကြာသေးမီက Press Box PR နဲ့ တွေ့ဆုံချိန်မှာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ဖို့ နောက်ထပ် ၁၀ နှစ်၊ ၁၁ နှစ်လောက်ကြာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ အာမိုရင်ကတော့ ဖာဂူဆန်ရဲ့ ပြောဆိုမှုကို သဘောမတူဘဲ အသင်းဟာ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ချန်ပီယံဆုကို ယှဉ်ပြိုင်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။  

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နိုင်ပွဲဆက်နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro