CNI Sport Article 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃

ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူခဲ့ပြီးနောက် နည်းပြ အပြောင်းအလဲ အများအပြား ပြုလုပ်ထားပေမယ့် အခုအချိန်ထိ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြအာမိုရင်လည်း ထုတ်ပယ်ခံရမယ့် ဖိအားတွေ ခံစားနေရပြီး အသင်းအနေနဲ့ သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ နိုဝင်ဘာ ၁ ရက် မတိုင်မီ ထုတ်ပယ်ခဲ့ရင် လျော်ကြေးအဖြစ် ပေါင် ၁၂ သန်း ပေးချေရမှာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အာမိုရင်ကို ဒီကာလမတိုင်မီ ထုတ်ပယ်ခဲ့ရင် နည်းပြတွေ ထုတ်ပယ်ဖို့ သုံးစွဲခဲ့တဲ့ စာရင်းထဲ ဒီပမာဏကိုထည့်ပြီး ပေါင်းထည့်ရမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် လက်ထက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၅ နေရာ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီး ဒီရာသီမှာလည်း ရလဒ်ကောင်းရဖို့ ကြိုးပမ်းနေရတာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို အသင်းထံ ခေါ်ဆောင်ဖို့ ပေါင် ၁၁ သန်း ပေးခဲ့ရပြီး ထုတ်ပယ်ခဲ့ရင် ဒီထက်ပိုတဲ့ ပမာဏကို ပေးချေရမှာ ဖြစ်ပါတယ်။ 

အာမိုရင်ဟာ ဖာဂူဆန် အနားယူပြီးနောက် ယူနိုက်တက်အသင်းရဲ့ ၆ ဦးမြောက် အမြဲတမ်း နည်းပြဖြစ်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဖာဂူဆန် ထွက်ခွာအပြီးမှာ သူ့ရဲ့နေရာ ဆက်ခံခဲ့တဲ့ ဒေးဗစ်မိုယက်စ်ကို ၆ နှစ် စာချုပ် ချုပ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ၁၀ လအကြာမှာ ထုတ်ပယ်ခဲ့ပြီး သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေကို လျော်ကြေးအဖြစ် ပေါင် ၅.၂ သန်းပေးခဲ့ရပါတယ်။

ဒါက ယူနိုက်တက်အသင်းရဲ့ မျက်မှောက်ခေတ် နည်းပြ ထုတ်ပယ်မှုတွေမှာ အသက်သာဆုံး ပေးခဲ့ရတဲ့ ပမာဏလို့ ပြောရမှာပါ။

ယူနိုက်တက်အသင်းဟာ မိုယက်စ်ရဲ့ နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဗန်ဟားလ်ကို ၂ ရာသီကြာ ကိုင်တွယ်စေခဲ့ကာ FA ဖလားရရှိပြီးနောက် ၂ ရက်အကြာမှာ ထုတ်ပယ်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဗန်ဟားလ်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို ထုတ်ပယ်ကြေးအဖြစ် ပေါင် ၈.၄ သန်းပေး ခဲ့ရတာပါ။ 

ယူနိုက်တက်အသင်း ထုတ်ပယ်လိုက်တဲ့ နည်းပြတွေနဲ့ ပေးချေရတဲ့ငွေကို တွေ့ရစဉ်

မန်ချက်စတာကလပ်ဟာ သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ မော်ရင်ဟိုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ ထုတ်ပယ်ခဲ့ပြီး ပေါင် ၁၉.၆ သန်း ပေးခဲ့ရပါတယ်။

ဒါက ယူနိုက်တက်အသင်း သမိုင်းမှာ နည်းပြတစ်ဦးကို ထုတ်ပယ်တဲ့အတွက် အကြီးမားဆုံး ပေးချေခဲ့ရတဲ့ ပမာဏဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ မော်ရင်ဟိုရဲ့ နေရာမှာ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။ 

ဒါပေမယ့် ဆိုးလ်ရှားလည်း အသင်းရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ၂၀၂၁ ခုနှစ်မှာ ထုတ်ပယ်ခံရပြီး ပေါင် ၉.၁ သန်း ပေးချေခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ကာ ရာသီကုန်မှာတော့ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ 

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို လိဂ်ဖလားနဲ့ FA ဖလား ရယူနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ရာသီ အစ ပိုင်းမှာ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့တဲ့အတွက် ပေါင် ၁၀.၄ သန်း ပေးချေခဲ့ရတာပါ။

အာမိုရင်နဲ့ ဖာဂူဆန်ကို တွေ့ရစဉ်

ရက်ဂ်နစ်နဲ့လမ်းခွဲခဲ့မှုအတွက် ပေးခဲ့ရတဲ့ လျော်ကြေးကို ရှင်းရှင်းလင်းလင်း မသိခဲ့ရဘဲ သူဟာ ယာယီနည်းပြအဖြစ် ကိုင်တွယ်အပြီးမှာ အသင်းရဲ့ အတိုင်ပင်ခံ ရာထူးအတွက် ၂ နှစ် တာဝန်ယူဖို့ ရှိခဲ့ပါတယ်။

ရက်ဂ်နစ်ဟာ ဒီတာဝန်ကို မယူဘဲ ထွက်ခွာခဲ့ပေမယ့် သူ့ရဲ့ထွက်ခွာမှုအတွက် ယူနိုက်တက်အသင်းဟာ ပေါင် ၁၄.၇ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တာက အခြားအသင်းတွေ ထက်စာရင် နည်းပါးနေသေးတာပါ။

ချယ်လ်ဆီးအသင်း အပါအဝင် အသင်း အများအပြားဟာ ၂၀၀၃ ခုနှစ်ကတည်းက သူတို့ရဲ့နည်းပြတွေကို အပြောင်းအလဲပြုလုပ်ဖို့ ပေါင်သန်း ၁၀၀ ကျော် သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ 

Source: Thesun