CNI Sport News

၂၀၂၆ ခုနှစ်၊  ဇန်နဝါရီ ၅

ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ ယူနိုက်တက်အသင်းကို ၁၄ လကြာကိုင်တွယ်အပြီးမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းအကြီးအကဲတွေနဲ့ ဆက်ဆံရေးတင်းမာမှုတွေရှိခဲ့တဲ့ အာမိုရင်ဟာ လိဒ်စ်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

အာမိုရင်က သူဟာ ယူနိုက်တက်အသင်းကို နည်းပြအဖြစ် လာတာမဟုတ်ဘဲ မန်နေဂျာအဖြစ်လာရောက်ခဲ့တာဖြစ်ပြီး အသင်းအကြီးအကဲတွေအနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြောခဲ့ပါတယ်။

ဒီလိုပြောပြီးနောက် ၂၄ နာရီ မပြည့်မီမှာပဲ ယူနိုက်တက်အသင်းဟာ အာမိုရင်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ 

အာမိုရင်နဲ့အတူ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေ အားလုံးလည်း ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရပါတယ်။ 

၂၀၂၄ ခုနှစ်၊နိုဝင်ဘာမှာ ယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ်တာဝန်ယူခဲ့တဲ့ အာမိုရင်ဟာ အသင်းကို ပွဲပေါင်း ၆၃ ပွဲကိုင်တွယ်ခဲ့တာမှာ ၂၄ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ကစားမယ့် ဘန်လေအသင်းနဲ့ ပွဲအတွက် ကစားသမားဟောင်း ဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ဖို့ တာဝန်ပေးခဲ့ပါတယ်။
 
Source:BBC