CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ဂျာမန်ဘာသာစကား သင်ယူရတာ အလွန်ခက်ခဲတယ်လို့ ဝန်ခံခဲ့ပြီး သူ့ရဲ့ ဘိုင်ယန်မြူးနစ်အသင်း အနာဂတ်ကိုလည်း အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။ 

ဟာရီကိန်းက “ရိုးရိုးသားသားပြောရရင် ဂျာမန်ဘာသာစကား သင်ယူရတာ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် တစ်ပတ်ကို သင်ခန်းစာ ၂ ခု ဆက်ပြီး လုပ်သွားဖို့ ကျနော် ကြိုးစားနေပါတယ်။ အဝတ်လဲခန်းထဲမှာ စကားတွေ ပြောတဲ့အချိန် ပိုပိုပြီး နားလည်လာတဲ့ အချိန်ကို ရောက်နေပါပြီ။ ရာသီကုန်ရင် စကားအနည်းငယ်ပြောနိုင်ဖို့ ဒါမှမဟုတ် ဂျာမန်လို ကျနော့်ရဲ့ ပထမဆုံးအင်တာဗျူးကို ဖြေနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အခုကိုယ့်ကိုယ်ကို ဖိအားပေးနေပါတယ်”လို့ ပြောခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းကို ရောက်တာ ၂ နှစ်ခွဲကြာပြီဖြစ်တဲ့ ဟာရီကိန်းဟာ ဂျာမန်မြေကို ရောက်ရှိလာချိန် ကတည်းက ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအတိုင်း လုပ်နိုင်ဖို့ ဂျာမန်ဘာသာစကားကို ကြိုးစားပြီး သင်ယူသွားမယ်လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဟာရီကိန်းက သူဟာ သင်ခန်းစာတွေ သင်ယူနေဆဲဖြစ်ပေမယ့် နှေးကွေးနေတယ်လို့ ပြောခဲ့တာပါ။ 

ဟာရီကိန်းကိုတွေ့ရစဉ်

ဟာရီကိန်းဟာ လက်ရှိ အချိန်မှာလည်း ဂျာမန်လိုပြောချင်တဲ့ သူ့ရဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့ ဝေးကွာနေ သေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ 

ဟာရီကိန်းက သူအနှစ်သက်ဆုံး ဂျာမန်စကားလုံးက ဂိုးဆိုပြီး အဓိပ္ပါယ်ရတဲ့ “Tor” ဖြစ်တယ်လို့ ဖြေခဲ့ပါတယ်။ 

ဟာရီကိန်းဟာ မကြာသေးမီ လတွေအတွင်း ဘာစီလိုအသင်းထံ ပြောင်းရွှေ့ဖို့နဲ့ ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရတာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ဟာရီကိန်းက သူဟာ မြူးနစ်မှာ ပျော်ရွှင်နေပြီး ရာသီသစ်အကြောင်း မစဉ်းစားသေးဘူးလို့ ပြောခဲ့ပါတယ်။ 

ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၂၁ ပွဲ ကစားထားပြီး ၁၁၅ ဂိုးသွင်းယူကာ ဘွန်ဒက်လီဂါနဲ့ ဂျာမန် စူပါဖလား ၁ ကြိမ်စီ ရရှိထားပါတယ်။ 

Source: Goal