CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅
တူနီးရှားအသင်းဟာ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ မာလီအသင်းကို အရေးနိမ့်ကာ ထွက်ခွာခဲ့ ပြီးနောက် နည်းပြဖြစ်သူ ထရာဘယ်လ်ဆီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
၂၀၀၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ တူနီးရှားအသင်းဟာ မာလီအသင်းကို အချိန်ပို အပါအဝင် မိနစ် ၉၀ ကျော် တစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် ပယ်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
အဲ့ဒါကြောင့် တူနီးရှားဘောလုံးအဖွဲ့ချုပ်က နည်းပြ ထရာဘယ်လ်ဆီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦး သဘောတူညီမှုနဲ့ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထရာဘယ်လ်ဆီဟာ တူနီးရှားအသင်းကို ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အထိ ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဒုတိယအကြိမ်မြောက်အဖြစ် ကိုင်တွယ်ခဲ့တာပါ။

နည်းပြ ထရာဘယ်လ်ဆီကို တွေ့ရစဉ်
မာလီအသင်းနဲ့ ပွဲအပြီးမှာ ထရာဘယ်လ်ဆီက အာဖရိကဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် အလွန် စိတ်ပျက်ပြီး နာကျင်ရကြောင်း၊ နည်းပြအနေနဲ့ ရလဒ်အတွက် သေချာပေါက် တာဝန်ယူရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ထရာဘယ်လ်ဆီဟာ တူနီးရှားအသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ၁၉ ပွဲ ကိုင်တွယ်ခဲ့ပြီး ၁၁ ပွဲအနိုင်ရကာ ၅ ပွဲသရေနဲ့ ၃ ပွဲရှုံးနိမ့်ခဲ့တာပါ။
တူနီးရှားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ နည်းပြသစ်ကို မကြာမီ ခန့်အပ်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။
တူနီးရှားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်၊ နယ်သာလန်၊ ဥရောပ ပလေးအော့ဖ်ပွဲက အနိုင်ရတဲ့ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
တူနီးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ် ယှဉ်ပြိုင်ထားပြီး ၆ ကြိမ်စလုံး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source: BBC
