CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၆

မော်ရိုကိုအသင်းနည်းပြ ဝါလစ်ရီဂရာဂွီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ ၃ လကျော်သာ လိုအပ်တော့တဲ့ အချိန်မှာ နိုင်ငံအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ 

အသက် ၅၀ နှစ်အရွယ်ရှိ နည်းပြဟာ မော်ရိုကိုအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိ အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံး ၄ သင်းအဆင့်ကို တက်နိုင်တဲ့ ပထမဆုံး အာဖရိက အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

မော်ရိုကိုအသင်းဟာ ရီဂရာဂွီရဲ့ နေရာမှာ ယူ-၂၃ အသင်း နည်းပြ အူအာဘီကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့ ပါတယ်။ 

မော်ရိုကိုအသင်းဟာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၂၅ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် အချိန်ပိုမှာ ဆီနီဂေါအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ 

မော်ရိုကိုအသင်း နည်းပြ ရီဂရာဂွီကို တွေ့ရစဉ်

ရီဂရာဂွီက အသင်းဟာ လန်းဆန်းတဲ့ မျက်နှာ၊ ကွဲပြားတဲ့စွမ်းအင်၊ နည်းပြသစ်နဲ့အတူ ရှုထောင့်အသစ် တစ်ခု လိုအပ်ပြီး ထွက်ခွာတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ဒီအသင်းတိုးတက်မှုရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မော်ရိုကိုအသင်း ခေါင်းဆောင် ဟာကီမီက ရီဂရာဂွီဟာ မော်ရိုကိုဘောလုံးသမိုင်းမှာ မမေ့နိုင်တဲ့ အမှတ်အသား တစ်ခုကို ချန်ထားရစ်ခဲ့တယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

မော်ရိုကိုအသင်းဟာ ဒီလထဲမှာ ခြေစမ်းပွဲတွေအဖြစ် အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ စပိန်၊ပြင်သစ်နိုင်ငံတို့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးလ်၊ စကော့တလန်၊ ဟေတီအသင်းတို့နဲ့ အုပ်စု C မှာ ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် ဘရာဇီးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC