CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၇
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ တံကောက်ကြော ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုမိုပြင်းထန်နေတာကြောင့် မက်ဒရစ်ကို သွားရောက်ပြီး ကုသမှုခံယူနေတယ်လို့ နည်းပြဂျော့ချ်ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။
ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၂၂ ပွဲ ကစားထားပြီး ၂၁ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာ အသင်းက အယ်လ်ဖေဟာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် လူစားလဲမှု ခံခဲ့ရတာ ပါ။
အယ်လ်နာဆာအသင်းကတော့ ရော်နယ်လ်ဒို ဘယ်အချိန် အသင်းအတွက် ပြန်ကစားနိုင်မှာလဲဆိုတာနဲ့ ပတ်သက်တဲ့ အတိအကျကို ပြောထားခြင်း မရှိပါဘူး။
အယ်လ်နာဆာအသင်းနည်းပြ ဂျော့ဂျီးဆပ်စ်က “နောက်ဆုံးပွဲမှာ ခရစ္စတီယာနိုဟာ ကြွက်သားဒဏ်ရာနဲ့ ထွက်ခွာ ခဲ့ရပါတယ်။ သူ့ရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေအပြီးမှာ ကျနော်တို့ မျှော်လင့်ထားတာထက် ပိုမိုပြင်းထန်တယ်ဆိုတာ သိခဲ့ရပါတယ်။ သူဟာ ဒဏ်ရာကို ကုသဖို့ စပိန်နိုင်ငံကို သွားရောက်ခဲ့ပြီး အသင်းကို ကူညီဖို့အတွက် မကြာမီ ပြန်လာဖို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒို ဒဏ်ရာရရှိသွားစဉ်
ရော်နယ်လ်ဒိုဟာ ဒဏ်ရာ အခြေအနေကြောင့် ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲတွေဖြစ်တဲ့ မတ်လ ၂၉ ရက်မှာ မက္ကဆီကို၊ ဧပြီလ ၁ ရက်မှာ အမေရိကန်အသင်းတို့နဲ့ ပွဲတွေကို ပါဝင်နိုင်ဖို့ မသေချာတာပါ။
ပေါ်တူဂီအသင်း ခေါင်းဆောင်ကတော့ ဒီခြေစမ်းပွဲတွေ မတိုင်မီ ဒဏ်ရာကနေ အမြန်ဆုံး ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။
ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၆၅ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒိုဟာ သွင်းဂိုး ၁,၀၀၀ ပြည့်အောင်သွင်းပြီး စံချိန်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
အယ်လ်နာဆာအသင်းနဲ့ လာမယ့် ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အသင်းအတွက် ၂၆ ပွဲ ကစားထားပြီး ၂၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: BBC
