CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ဆော်ဒီကို ပြောင်းရွှေ့လာပြီးကတည်းက စောင့်ဆိုင်းနေရ တဲ့ သူ့ရဲ့ပထမဆုံး ဆော်ဒီပရိုလိဂ်ဖလားကို ဒီရာသီမှာ ရရှိသွားခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ် နောက်ဆုံးပွဲမှာ ဒါမက်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ရော်နယ်လ်ဒိုက အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် အယ်လ်နာဆာအသင်းဟာ အဆင့် ၂ နေရာက အယ်လ်ဟီလယ်အသင်းကို ၂ မှတ် အသာရပြီး ဆော်ဒီပရိုလိဂ် အမှတ်ပေးဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ အယ်လ်နာဆာအသင်းကို ပြောင်းလာခဲ့ပြီးနောက် အာရပ်ကလပ် ချန်ပီယံများဖလား ပြိုင်ပွဲမှာသာ ဆုဖလားရထားတဲ့ ရော်နယ်လ်ဒိုဟာ အဓိကဆုဖလားတစ်ခု ရယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒီရာသီ မှသာ အသင်းနဲ့ အမှတ်ပေးလိဂ်ဖလား ရရှိခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ မကြာသေးမီက အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲမှာ အရေးနိမ့်မှုကြောင့် ဒီရာသီကို ဆုဖလား ၂ လုံးရယူပြီး အဆုံးသတ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

ရော်နယ်လ်ဒို မိသားစုကို တွေ့ရစဉ်
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ဖလားကို ၂၀၁၈-၁၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ရယူ နိုင်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ဟာ သူတို့အတွက် အမှတ်ပေး ချန်ပီယံဆုကို ၁၁ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်နာဆာအသင်းအတွက် ၂၈ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ မတူညီ တဲ့ နိုင်ငံ ၄ ခုဖြစ်တဲ့ အင်္ဂလန်၊ စပိန်၊ အီတလီနဲ့ဆော်ဒီနိုင်ငံတွေမှာ အမှတ်ပေးလိဂ် ရယူနိုင်ခဲ့တဲ့ သူဖြစ်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ မကြာမီမှာ သူ့ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းမှာဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Source: Dailymail
