CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂၂

ချယ်လ်ဆီးကြယ်ပွင့် ကိုးလ်ပါလ်မာ၊ မန်စီးတီးအသင်း ကွင်းလယ်လူ ဖိုဒန်နဲ့ ယူနိုက်တက်အသင်း နောက်ခံလူ မက်ဂွဲယားတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။ 

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ကမ္ဘာ့ဖလား လူစာရင်းကို မကြေညာမီကတည်းက ချန်လှပ်ခံရမယ့် ကစားသမား စာရင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရသလို ပုံမှန်ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့အတွက် အင်္ဂလန် အသင်း လူစာရင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲ ၃ ခုမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခဲ့တဲ့ ဖိုဒန်ကလည်း ဒီရာသီ မန်စီးတီးအသင်းမှာ ခြေစွမ်းပိုင်း တသမတ်တည်း မရှိတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မှာပါ။ 

မက်ဂွဲယားကတော့ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနေပေမယ့် အင်္ဂလန်အသင်း ဗဟိုနောက်ခံလူတွေထဲမှာ နည်းပြ တူချယ်လ်ရဲ့ ဦးစားပေး မဟုတ်တာကြောင့် ချန်လှပ်ခံခဲ့ရပါတယ်။ 

အင်္ဂလန်အသင်းကို တွေ့ရစဉ်

မက်ဂွဲယားက အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ခွင့်မရတဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ပြီး ဝမ်းနည်းခဲ့ရ ပေမယ့် ကစားသမားတွေ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးလုပ်နိုင်ဖို့ ဆန္ဒပြုကြောင်း ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်း လူစာရင်းထဲမှာ ဒီရာသီ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဂစ်ဘ်ဝှိုက်စ်၊ ချယ်လ်ဆီးအသင်း နောက်ခံလူ ကိုဝဲလ်တို့လည်း ချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

နည်းပြ ကာရစ် လက်ထက် ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသခဲ့တဲ့ ကိုဘီမေနူး၊ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၃၂ ဂိုး သွင်းယူခဲ့တဲ့ အိုင်ဗန်တိုနေးတို့ အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တဲ့ အင်္ဂလန် အသင်းဟာ ဇွန်လ ၆ ရက်မှာ နယူးဇီလန်၊ ၁၀ ရက်မှာ ကော်စတာရီကာအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: ESPN