CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂၁

လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်ဟာ ဂျူဗင်တပ်စ်အသင်း လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရရင် တောင် ဒီနွေရာသီမှာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ 

စီးရီးအေထံ ပြန်လာချင်နေတဲ့ အယ်လီဆန်ဟာ ဂျူဗင်တပ်စ်အသင်း ယူရိုပါလိဂ်ပြိုင်ပွဲ ကစားရမယ်ဆိုရင်လည်း ကစားဖို့ အသင့်ဖြစ်နေတာပါ။ 

ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲမှာ ဖီအိုရင်တီးနားအသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် အမှတ်ပေးဇယားအဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ 

အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နဲ့ လွဲချော်မယ့် အခြေအနေမှာ ရှိနေတာပါ။

ချန်ပီယံလိဂ်ဝင်ခွင့် ၂ နေရာအတွက် အေစီမီလန်၊ ရိုးမား၊ ကိုမိုနဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ ရာသီနောက်ဆုံးပွဲမှာ အပြိုင်အဆိုင် ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ် ဝင်ခွင့်နဲ့လွဲခဲ့ရင် ဂျူဗင်တပ်စ်အသင်းဟာ ဝင်ငွေ ယူရိုသန်း ၆၀ အထိ ဆုံးရှုံးနိုင်ပေမယ့် အယ်လီဆန် ကတော့ အသင်းသွားချင်နေတဲ့ ပုံစံကို ယုံကြည်နေတဲ့အတွက် တူရင်ထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။ 

အယ်လီဆန်ကို တွေ့ရစဉ်

ဘရာဇီးလ်ဂိုးသမားဟာ လာမယ့် ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ လီဗာပူးလ်အသင်းကို နှုတ်ဆက်မှု ပြုလုပ်ဖို့ရှိနေပါတယ်။ 

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ အသင်းမှာ ၈ ရာသီကြာ ကစားခဲ့တဲ့ အယ်လီဆန်ကို နှုတ်ဆက်မှု ပြုလုပ်နိုင်အောင် ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ ပွဲထွက် အသုံးပြုဖွယ်ရှိနေတာပါ။ 

အယ်လီဆန်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော် ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။ 

အယ်လီဆန်နဲ့ လီဗာပူးလ်အသင်း စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်း ရှိနေတာကြောင့် ဂျူဗင်တပ်စ် အသင်းဟာ သူ့ကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

Source: Goal