CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၃

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က နယ်သာလန်အသင်း ယူရို ၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် ကလပ်နဲ့ နိုင်ငံအသင်းအနာဂတ်ကို စဉ်းစားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဗန်ဒိုက်က “နွေရာသီမှာ ကလပ်အဆင့်နဲ့ နိုင်ငံတကာ ကစားသမားတစ်ဦးအတွက် ဘာကိုလိုချင်လဲဆိုတာ ကျနော် သေချာစဉ်းစားသွားမှာပါ။ ပြီးရင်တော့ ကျနော်တို့ ဆက်ပြီးသွားကြမှာပါ။ ရာသီအပြီးမှာ ကိစ္စရပ်တွေ အများကြီး ဖြစ်ခဲ့ပြီး အဆုံးမှာ စိတ်ခံစားမှုတွေ ဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

ဗန်ဒိုက် ဦးဆောင်တဲ့ နယ်သာလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်နဲ့ နယ်သာလန်အသင်းတို့မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဗန်ဒိုက်ဟာ အားလပ်ရက် အတွင်းမှာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားဖို့ ရှိနေတာပါ။

အသက် ၃၃ နှစ်အရွယ်ရှိ ဗန်ဒိုက်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဒီရာသီနည်းပြသစ် အာနီဆလော့ လက်ထက် လီဗာပူးလ် အသင်းမှာ ဆက်ရှိမယ်လို့ ပြောထားတာပါ။ 

၂၀၁၈ ခုနှစ်က ဆောက်သမ်တန် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၂၇၀ ပါဝင်ကစားထားပြီး ၂၃ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အများအပြား ရယူထားပါတယ်။

နယ်သာလန်အသင်းအတွက် ၂၀၁၅ ခုနှစ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဗန်ဒိုက်ဟာ နိုင်ငံအသင်းအတွက် ၇၄ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Dailymail