CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂

လီဗာပူးလ် အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။ 

ဗန်ဒိုက်က “စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ။ ကျနော်ဟာ လီဗာပူးလ်အသင်းအတွက် အပြည့်အဝ အာရုံစိုက်နေပြီး ရှေ့လာမယ့် ပွဲတွေကို အနိုင်ယူချင်ပါတယ်။ ကျနော်ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကောင်းမွန်တယ်လို့ခံစားရပြီး ပျော်ရွှင်နေပါ တယ်။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ လက်ရှိအချိန်မှာ မသိသေးပေမယ့် ဆွေးနွေးမှုတွေ စတင်နေပြီဆိုတာပဲ ပြောနိုင်တယ်”လို့ ပြောခဲ့တာပါ။ 

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက လီဗာပူးလ်အသင်းမှာ ရှိနေခဲ့တဲ့ ဗန်ဒိုက်ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ 

ဗန်ဒိုက်အပြင် အာနိုးလ်နဲ့ ဆာလက်တို့ရဲ့ စာချုပ်တွေကလည်း ရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် စာချုပ်သစ် အတွက် လီဗာပူးလ်အသင်းနဲ့ သဘောတူညီမှု မရရှိသေးပါဘူး။ 

ဗန်ဒိုက်ကို တွေ့ရစဉ်

ဆောက်သမ်တန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ပရီးမီးယား လိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ဖီဖာကလပ် ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတွေ ရရှိအောင် ကူညီ ပေးနိုင်ခဲ့ပါတယ်။ 

ဗန်ဒိုက်ဟာ နည်းပြသစ် အာနီဆလော့ လက်ထက်မှာလည်း လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်း ပြသနေပြီး အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရောက်ရှိအောင် ပို့ဆောင်ပေးထားတာပါ။ 

နောက်ခံလူ ဗန်ဒိုက် ဦးဆောင်တဲ့ လီဗာပူးလ်အသင်းရဲ့ ခံစစ်ပိုင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုး ၃ ဂိုး သာပေးထားရပြီး လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ်မှတ်တမ်းကို ရရှိထားပါတယ်။ 

လီဗာပူးလ်အသင်းဟာ အောက်တိုဘာ ၂၄ ရက်မှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC